နှလုံးရောဂါကြောင့် ဘောလုံးကစားခြင်းကို ခေတ္တရပ်နားထားရတဲ့ ဘရာဇီးလ်လက်ရွေးစင်ဟောင်း လူးကပ်စ်

Author မောင်ရှမ်း
Categories
Published on Dec 14, 2022

လီဗာပူးလ်အသင်းအတွက် ဆယ်စုနှစ်တစ်ခုကြာပေးဆပ်ကစားခဲ့တဲ့ ဘရာဇီးလ်လက်ရွေးစင်ဟောင်း လူးကပ်စ်ဟာ လက်ရှိအချိန်မှာတော့ နှလုံးရောဂါလက္ခဏာတွေ ခံစားနေရတာကြောင်း ဘောလုံးကစားခြင်းကို ခေတ္တရပ်နားထားရတယ်လို့ သိရပါတယ်။အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူးကပ်စ်ဟာ လက်ရှိမှာတော့ သူ့ရဲ့ ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဂရီမီယိုမှာ ကစားသမားဘဝဖြတ်သန်းနေတာဖြစ်ပြီး မွေးရပ်နိုင်ငံကို မပြန်ခင်မှာတော့ ဥရောပမှာ ၁၅ နှစ်ကြာ ကစားခဲ့တာဖြစ်ပါတယ်။

ဆေးစစ်မှုတွေမှာ နှလုံးအတွင်း ပြဿနာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ ဆရာဝန်တွေရဲ့ ခွင့်ပြုချက်မရမချင်း ဘောလုံးကစားခွင့်ရမှာမဟုတ်ဘူးလို့ ဂရိုမီယိုအသင်းဘက်က တရားဝင်ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီဘက်နှစ်တွေမှာ နှလုံးရောဂါဟာ ဘောလုံးသမားတွေဘက်ကို လှည့်လာခဲ့ပြီး လက်ရှိမန်ယူအသင်းမှာ ကစားနေတဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဆိုရင်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းအတွင်း လဲကျခဲ့သလို အာဂျင်တီးနားလက်ရွေးစင်ဟောင်း အဂူရိုဟာလည်း နှလုံးရောဂါကြောင့်ပဲ ကစားသမားဘဝကနေ အနားယူခဲ့ရတာဖြစ်ပါတယ်။

လူးကပ်စ်ဟာ လီဗာပူးလ်အသင်းမှာ ဆယ်စုနှစ်တစ်ခုအတွင်း ၃၄၆ ပွဲကစားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ကားလင်းဖလားကို ရရှိခဲ့သလို ၅ နှစ်ကြာကစားခဲ့တဲ့ လာဇီယိုမှာလည်း ကိုပါအီတလီယာဖလားကို ရရှိခဲ့ကာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း ၂၄ ပွဲ ပါဝင်ကစားပေးနိုင်ခဲ့သူဖြစ်ပါတယ်။