ခရိုအေးရှားကိုအနိုင်ရခဲ့တဲ့ပွဲအပြီးမှာထပ်တိုးလာတဲ့ မက်ဆီရဲ့ စံချိန်မှတ်တမ်းများ

Author မောင်ရှမ်း
Categories
Published on Dec 14, 2022

ခရိုအေးရှားကိုအနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ရာမှာ ကစားခဲ့တဲ့ပွဲစဉ်ပေါင်း ၂၅ ပွဲ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားတဲ့ ဂျာမန်ဂန္ထဝင် လိုသာမားသီးယက်စ်ရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပြီး ဗိုလ်လုပွဲမှာ ကစားခွင့်ရခဲ့မယ်ဆိုရင်တော့ အများဆုံးကစားသမားအဖြစ် တစ်ဦးတည်း စံချိန်တင်နိုင်မှာဖြစ်ပါတယ်။

ခရိုအေးရှားနဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးနိုင်ခဲ့ပြီးနောက်မှာတော့ မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးဟာ ၁၁ ဂိုးအထိရှိလာခဲ့ပြီး အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဘာတီဂိုးခေါ် ဘာတစ္စတူတာ (၁၀) ဂိုး ကို ကျော်ဖြတ်ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ခရိုအေးရှားနဲ့ပွဲမှာ တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ မက်ဆီဟာ ၁၉၆၆ ခုနှစ်က စတင်တွက်ချက်မှုတွေအရ ပွဲစဉ်တစ်ပွဲအတွင်း သွင်းဂိုးရော ဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တာ ၄ ကြိမ်ရှိလာခဲ့ပြီး ဒါဟာလည်း ကမ္ဘာ့ဖလားသမိုင်းမှာ အများဆုံးဖြစ်ပါတယ်။

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးပါဝင်ပတ်သက်မှု (သွင်းဂိုး+ဖန်တီးမှု) မှာလည်း မက်ဆီဟာ ၁၉ ဂိုး( ၁၁ ဂိုးသွင်း ၈ ဂိုးဖန်တီး) အထိရှိလာခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းရဲ့ ခမ်းနားတဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ ဂတ်မူလာ၊ ကလိုဆေးနဲ့ ရော်နယ်ဒို (ဘရာဇီးလ်) တို့ရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာသာ သွင်းဂိုး သို့မဟုတ် ဖန်တီးမှုတစ်ခုခုပြုလုပ်နိုင်ခဲ့မယ်ဆိုရင်တော့ အများဆုံးအဖြစ် တစ်ယောက်တည်း စံချိန်တင်နိုင်ဦးမှာဖြစ်ပါတယ်။