ကလပ်အသင်းနည်းပြအဖြစ် ဘောလုံးလောကထဲကို ပြန်လာမယ်လို့ အသိပေးလာတဲ့ စပိန်နည်းပြဟောင်း အင်းနရစ်
မော်ရိုကိုအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီးနောက် စပိန်လက်ရွေးစင်အသင်းရဲ့ ရာထူးက နူတ်ထွက်ခဲ့တဲ့ လူးဝစ် အင်းနရစ်ကတော့ ကလပ်အသင်းတစ်သင်းရဲ့ နည်းပြအဖြစ်နဲ့ ဘောလုံးလောကထဲကို ပြန်လာဖို့ ရှိနေတယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ အင်းနရစ်ဟာ ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာဘီအသင်းကို စတင်ကိုင်တွယ်ကာ နည်းပြလောကထဲကို ရောက်လာခဲ့သူဖြစ်ပြီး ရိုးမား၊ ဆဲလ်တစ်တို့ကိုပြောင်းကိုင်ပြီး အတွေ့အကြုံတွေရခဲ့ပြီးနောက်မှာတော့ ၂၀၁၄ ကနေ ၂၀၁၇ အထိ ဘာစီလိုနာအသင်းကြီးကို ကိုင်တွယ်ခဲ့ကာ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာတော့ စပိန်လက်ရွေးစင်အသင်းကို တာဝန်ယူခဲ့ပြီး ပြိုင်ပွဲကြီးတွေအဖြစ် ယူရို ၂၀၂၀ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပေမယ့် အောင်မြင်မှုမရခဲ့တဲ့နောက်မှာတော့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ အင်းနရစ်က ကျွန်တော်အနေနဲ့ ကလပ်တစ်သင်းကို ကိုင်တွယ်ဖို့ အသင့်ဖြစ်နေပြီလို့ ခံစားရပါတယ်။ ဒါပေမယ့် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုမျိုးရမလာသေးရင်တော့ လာမယ့်ရာသီအစ စောင့်ဆိုင်သွားမှာပါ၊ အလောတကြီးလက်ခံသွားမှာတော့ မဟုတ်ပါဘူး လို့ ပြောဆိုသွားခဲ့ပါတယ်။ အင်းနရစ်ရဲ့ အသင်းသစ်က ဘယ်အသင်းဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။