ဆောက်ဂိတ်ကို အင်္ဂလန်နည်းပြအဖြစ်ဆက်ရှိရန် ပရိသတ်များနဲ့ အသင်းသားများအလိုရှိနေ

Author မောင်ရှမ်း
Categories
Published on Dec 12, 2022

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံပြင်သစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် ကစားသမားတွေကတော့ သူတို့ရဲ့နည်းပြကို အသင်းမှာ ဆက်ရှိနေစေဖို့ မျှော်လင့်နေကြပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ သူ့အနေနဲ့ ကာတာကနေ ပြန်ရောက်ချိန်မှာ အခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကလည်း ဆောက်ဂိတ်ကို လက်ရွေးစင်နည်းပြအဖြစ် ဆက်လက်မြင်လိုကြပြီး နောက်ထပ် ၁၈ အတွင်း ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကို ဦးဆောင်စေဖို့ ဆန္ဒရှိနေကြပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၀ တို့မှာ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဒီနှစ်မှာလည်း ပြင်သစ်ကို ရှုံးခဲ့ပေမယ့် ကစားပုံအရတော့ အင်္ဂလန်ပရိသတ်တွေအတွက် ဂုဏ်ငယ်စရာမရှိခဲ့ပါဘူး။ အင်္ဂလန်ကွင်းလယ်ကစားသမား ဒီကလန်ရိုက်က “သူဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့သလို နောက်ခံလူ မက်ဂွိုင်းယားကလည်း ဆောက်ဂိတ်ဟာ အံ့ဖွယ်ကောင်းတဲ့နည်းပြတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ဂိုးသမားဟောင်း ပီတာ ရှီလ်တန်ကလည်း ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းအတွက် ၅၆ နှစ်ကြာဝေးကွာနေတဲ့ ဆုဖလားတစ်လုံးကို ရယူပေးနိုင်မယ့်သူလို့ ယုံကြည်နေခဲ့ပါတယ်။ သူက “ဆောက်ဂိတ်ဟာ အင်္ဂလန်နည်းပြအဖြစ် ဆက်ရှိနေရမှာပါ။ သူက အသင်းကို ဆုဖလားရယူပေးနိုင်မယ့် ပုံစံတည်ဆောက်ထားနိုင်ပါတယ်။ အနာဂတ်က လှပနေပါတယ်။ ကျွန်တော်တို့ ယုံကြည်မှုထားပေးဖို့ပဲ လိုတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အင်္ဂလန်ကစားသမားဟောင်း ပေါလ် ပါကား၊ နည်းပြဟောင်း ဆမ်အလာဒိုက်စ်နဲ့ ပီးယားစ်မော်ဂန်တို့ကလည်း ဆောက်ဂိတ်ကို အင်္ဂလန်နည်းပြအဖြစ် ဆက်ရှိနေသင့်ကြောင်း ထောက်ခံပြောဆိုခဲ့ကြပါတယ်။