ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မရှိသူများ ယခုလအတွင်း အပြီးပြုလုပ်ရမည်ဖြစ်ပြီး လုပ်ဆောင်ခြင်းမရှိပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ

Author ကိုပေါက်
Categories
Published on Dec 11, 2022

စစ်ကောင်စီမှ လုပ်ဆောင်ရန် ကြံစည်နေသည့် ၂၀၂၃ ရွေးကောက်ပွဲတွင် မဲပေးနိူင်ရန် မှတ်ပုံတင် မရှိသူများကို
ယခု ဒီဇင်ဘာလအတွင်း နောက်ဆုံးထားကာ မှတ်ပုံတင်ပြုလုပ်ရန်နှင့် လာရောက် ပြုလုပ်ခြင်းမရှိပါက အရေးယူသွားမည်ဟု ကြေညာထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်နိူင်ရန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်များကို လုပ်ဆောင်ခဲ့သော်လည်း လာရောက်ပြုလုပ်ခြင်း မရှိသည့်အတွက် စာထုတ် ကြေညာရတာ ဖြစ်သည်ဟု လဝကဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်က အမြန်ပြီးချင်ပေမဲ့ နယ်တွေမှာ အပေါ်အဆင့်ဆင့်က ပိုက်ဆံတောင်းတာနဲ့ ရက်ချိန်းတွေ ရွေ့နေတာနဲ့ လုပ်ချင်သူက မရှိဘူးလေ၊ ပြီးတော့ PDF နယ်မြေတွေမှာဆို ဘယ်လိုမှ ဝန်ထမ်းက မသွားရဲဘူး ထင်သလောက် ခရီးမရောက်ဘူး၊ ဝန်ထမ်း အင်းအားကလည်း မရှိဘူး”ဟု ရှင်းပြသည်။

နိူင်ငံသားတစ်ဦး၏ မှတ်ပုံတင် လျှောက်ထားခြင်း၊ ပျောက်ဆုံး ပျက်စီးပြုလုပ်ခြင်း ၊အသစ်လဲလှယ်ခြင်း၊ သန်းခေါင်စာရင်း ၊ပုံစံ၁၀/အဝင်/အထွက် မွေးတိုး သေဆုံးစသည်တို့သည် လဝကဦးစီးဌာနနှင့် သက်ဆိုင်ပြီး ရွေးကောက်ပွဲအတွက်လည်း အရေးပါသည်ဟု နိူင်ငံရေးလေ့လာသုံးသပ်တစ်ဦးက CJ Platform ကိုပြောသည်။

“အရင်က ရွေးကောက်ပွဲအတွက် မဲစာရင်းနဲ့ မှတ်ပုံတင်ကိစ္စဆို ပညာရေးဝန်ထမ်း၊ အုပ်ချုပ်ရေး၊ ကြက်ခြေနီ၊ ထွေအုပ် နဲ့ ပေါင်းပြီးလုပ်ကြတာ အခုက အကုန်လုံးက CDM လုပ်နေတော့ မပြီးဘူး ပြည်သူကိုလည်း ပုံချလို့မရဘူး အာဏာယူသူထားတဲ့သူက ဖြေလျှော့မှုတွေနဲ့ လုပ်ပေးရမှာ၊ အခုက ရုံးတွေမှာ မှတ်ပုံတင်ဆိုတာနဲ့ ပိုက်ဆံပဲ အရင်တောင်းနေတာ”ဟု ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်အောက်ခံ မြို့နယ်ရုံးအချို့ မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေကြေး အဆမတန်တောင်းခြင်းကြောင့်လည်း ပြည်သူအချို့မှာ အခက်အခဲရှိသည်ဟု လှည်းကူးမြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“မှတ်ပုံတင်ပျောက်လို့ သွားလျှောက်တယ် ပြန်စာယူခိုင်းတယ် မိဘနှစ်ပါးလုံး မှတ်ပုံတင်လုပ်ခဲ့တဲ့ နေရာကစာပေါ့ မိဘတွေရခိုင်မှာဆိုတော့ သွားယူဖို့မလွယ်ဘူး အချို့ဆို ပိုက်ဆံပေးလုပ်ကျတာ ကိုယ်တွေကမတက်နိူင်ဘူး၊ ရခိုင်အထိသွားယူဖို့ကျတော့လည်း လမ်းစရိတ်ကမရှိဘူး အဲ့လိုဖြစ်နေတာ”ဟု
ပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်များတွင် ပြီးခဲ့သည့်လက ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်း အခြေချ
နေထိုင်သူများအနေဖြင့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များကို ပြုလုပ်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ အတွင်း ပြုလုပ်ခြင်းမရှိပါက ဥပဒေအရ အရေးယူခံရမည်ဟု ထုတ်ပြန် ကြေညာထားသည်။

ဓာတ်ပုံ- လူမှုကွန်ရက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လဝက #မှတ်ပုံတင် #ရွေးကောက်ပွဲ