ဒူဘိုင်းစူပါဖလားမှာ တစ်ပွဲနိုင်ပွဲပြီး လေးမှတ်ရသွားတဲ့ အာဆင်နယ်
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေချိန်ကာလအတွင်းမှာတော့ အာဆင်နယ်အသင်းဟာ နွေးထွေးတဲ့ရာသီဥတုရှိရာ ဒူဘိုင်းကို ရောက်ရှိနေခဲ့ပြီး ဒူဘိုင်းစူပါဖလားကို ဝင်ရောက်ကစားနေခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ ဥရောပထိပ်တန်းလိဂ်တွေရဲ့ အသင်းကြီးတွေဖြစ်ကြတဲ့ လီဗာပူးလ်၊ အေစီမီလန်၊ အာဆင်နယ်နဲ့ လိုင်ယွန်တို့ပါဝင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အဖွင့်ပွဲမှာ လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ၁၉ မိနစ်မှာ ဂါဘရီရယ်၊ ၃၃ မိနစ်မှာ အန်ကီတီးယားနဲ့ ၃၉ မိနစ်မှာ ဖေဘီယို ဗီအဲရာတို့က သွင်းယူပေးခဲ့ကြတာပါ။
ဒီပြိုင်ပွဲမှာ ထူးခြားချက်ကတော့ အမှတ်ပေးစည်းမျဉ်းပါပဲ။ အနိုင်ရတဲ့အသင်းဟာ သုံးမှတ်ရရှိမှာဖြစ်ပေမယ့် သရေကျခဲ့ရင်တော့ နှစ်သင်းလုံးက နှစ်မှတ်စီရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲစဉ်တိုင်းရဲ့အဆုံးမှာ ပင်နယ်တီအဆုံးဖြတ်ခံယူရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ထပ်ဆောင်းအပို တစ်မှတ်ရရှိမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာတော့ စီနီယာကစားသမားတွေကို ပွဲထုတ်ခဲ့ပေမယ့် ဒုတိယပိုင်း၆၈ မိနစ်မှာတော့ ဂိုးသမားကလွဲပြီး တခြားဆယ်ယောက်လုံးကို အပြောင်းအလဲပြုလုပ်ကာ လူငယ်ကစားသမားတွေကို နေရာပေးခဲ့ပါတယ်။
ပွဲအပြီးပင်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ လူငယ်ဂိုးသမား ကားလ်ဟိန်းက လက်စွမ်းပြကာ ပင်နယ်တီ ၄ ကြိမ်အထိ ကာကွယ်ပေးခဲ့တာကြောင့် အနိုင်ရခဲ့ပြီး နောက်ထပ်တစ်မှတ် ရရှိသွားခဲ့တာဖြစ်ပါတယ်။