ပြင်သစ်ကိုရှုံးပြီး ထွက်ခွာခဲ့ရမယ်ဆိုရင်တောင် ဆောက်ဂိတ်ကို ဆက်ထားဦးမယ့် အင်္ဂလန်

Author မောင်ရှမ်း
Categories
Published on Dec 08, 2022

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေကတော့ လက်ရွေးစင်အသင်းအနေနဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ပြင်သစ်ကို ရှုံးပြီး ထွက်ခွာခဲ့ရမယ်ဆိုရင်တောင် နည်းပြဖြစ်သူ ဆောက်ဂိတ်ကို ထုတ်ပယ်ဖို့ ဆန္ဒမရှိဘဲ ယူရို ၂၀၂၄ အထိ ဆက်လက်ကိုင်တွယ်စေလိုတယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းဟာ အဲရစ်ဆင်၊ ကာပယ်လိုတို့လို နာမည်ကျော်နည်းပြတွေကို ခန့်အပ်ခဲ့ပေမယ့် ပြိုင်ပွဲကြီးတွေမှာ ကွာတားဖိုင်နယ်အဆင့်ထက်မပိုခဲ့တဲ့ မှတ်တမ်းတွေကို အင်္ဂလိပ်လူမျိုးနည်းပြဖြစ်တဲ့ ဆောက်ဂိတ်က ချေဖျက်ပေးနိုင်ခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်ကို ကိုင်တွယ်ချိန်ကတည်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ပြီး ယူရို ၂၀၂၀ မှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကာ အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်မှာ ရလဒ်တွေဆိုးခဲ့တာကြောင့် ဆောက်ဂိတ်အနေနဲ့ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အင်္ဂလန်အနေနဲ့ ချဲလ်ဆီးနည်းပြဟောင်း တူချယ်ကို ခန့်အပ်မယ်လို့တောင် သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေကတော့ ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလားယူပေးနိုင်ခဲ့တဲ့ နည်းပြ ရမ်ဆေးနောက်ပိုင်းအအောင်မြင်ဆုံးဖြစ်တဲ့ ဆောက်ဂိတ်ကို ၂၀၂၄ ယူရိုအထိ ဆက်လက်ကိုင်တွယ်စေဖို့ အလိုရှိနေတာပါ။ ဒါပေမယ့် ကမ္ဘာ့ဖလားအပြီးမှာတော့ ဆောက်ဂိတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး သူ့အနေနဲ့ ထွက်ခွာလိုတယ်ဆိုရင်တော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားတဲ့အနေနဲ့ တားဆီးဖို့ ဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။