ကမ္ဘာ့ဖလားကာလအတွင်းကစားခဲ့တဲ့ ခြေစမ်းပွဲမှာ စပိန်အသင်းငယ်ကို အရေးနိမ့်ခဲ့တဲ့ မန်ယူ

Author မောင်ရှမ်း
Categories
Published on Dec 08, 2022

ပရီးမီးယားလိဂ်ဖလားကို အများဆုံးရယူထားနိုင်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ကမ္ဘာ့ဖလားကာလအတွင်းမှာ ခြေစမ်းပွဲအဖြစ် စပိန်ကလပ် ကာဒစ်ဇ်အသင်းနဲ့ ကစားခဲ့ရာမှာတော့ ၄-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ မန်ယူအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရွေးမခံခဲ့ရတဲ့ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်ပြီး ပွဲဆက်မပြတ်စေဖို့အတွက် အခုလိုခြေစမ်းပွဲကို ကစားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာ အသင်းကြီးကစားသမားတွေဖြစ်တဲ့ လင်ဒီလော့ဖ်၊ ဘစ်ဆာကာ၊ တွမ်မီနေး၊ ဗန်ဒီဘိခ်၊ အီလန်ဂါ၊ ဂါနာချိုနဲ့ မာရှယ်တို့ကိုပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ပေမယ့် ကာဒစ်ဇ်ရဲ့ ခြေစွမ်းကိုတော့ မမီခဲ့ပါဘူး။

ကာဒစ်ဇ်အတွက် ဂါစီယာနဲ့ လိုဇာနိုတို့က ၈ မိနစ်နဲ့ ၁၃ မိနစ်တို့မှာ ၂ ဂိုးဆက်သွင်းယူခဲ့လို့ နောက်ကလိုက်ကစားခဲ့ရတဲ့ ယူနိုက်တက်ဟာ ၂၁ မိနစ်မှာတော့ ပင်နယ်တီရရှိခဲ့ပြီး မာရှယ်က ပါနန်ကာ ကန်ချက်နဲ့ ကန်သွင်းကာ ချေပဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းအစ ၄၈ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယချေပဂိုးရရှိခဲ့ပြီး မိုင်နိုက သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာ ယူနိုက်တက်နည်းပြ တန်ဟက်ကတော့ လူစားလဲမှု ၁၀ ဦးအထိ တစ်ပြိုင်တည်းပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားတွေကို နေရာပေးခဲ့ပါတယ်။ ကာဒစ်ဇ်အတွက်နောက်ထပ်ဂိုးတွေကိုတော့ ၅၇ မိနစ်မှာ ဆိုဘရီနိုနဲ့ ၇၇ မိနစ်တို့မှာ သောမတ် အယ်ရာကွန်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်အတွက်တော့ ပွဲရလဒ်ကအရေးမပါခဲ့ပေမယ့် လာလီဂါရဲ့တန်းဆင်းဇုန်ထဲရောက်နေတဲ့အသင်းငယ်လေးကို လေးဂိုးအထိပေးခဲ့ရတာကြောင့် ဝေဖန်သံအနည်းငယ်တော့ ဆူညံခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ စပိန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး လာမယ့် စနေညမှာတော့ ရီးရဲလ်ဘက်တစ်အသင်းနဲ့ ထပ်မံခြေစမ်းဦးမှာဖြစ်ပါတယ်။