ဂန္ထဝင်ကြီးတွေရဲ့ မှတ်တမ်းကောင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အမ်ဘတ်ပေ

Author မောင်ရှမ်း
Categories
Published on Dec 05, 2022

ပိုလန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ်အတွက် အနိုင်ဂိုး ၂ ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ကိုင်လီယန် အမ်ဘတ်ပေကတော့ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုးပြည့်သွားခဲ့ပြီဖြစ်သလို သမိုင်းတစ်လျှောက်သွင်းဂိုးကလည်း ၉ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားသမိုင်းမှာ ၈ ဂိုးသာ ရရှိခဲ့တဲ့ မာရာဒိုနာနဲ့ လက်ရှိအချိန်ထိ ၈ဂိုးသာရထားသေးတဲ့ စီရော်နယ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့သလို အသက် ၂၄ နှစ်မတိုင်ခင်မှာ ၇ ဂိုးသွင်းပြီး အများဆုံးအဖြစ်ရပ်တည်ထားနိုင်ခဲ့တဲ့ ဂန္ထဝင်ကြီး ပီလီရဲ့ မှတ်တမ်းကိုလည်း ရိုက်ချိုးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ အမ်ဘတ်ပေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ ကြိမ်သာ ကစားခွင့်ရသေးတာဖြစ်ပေမယ့် ၅ ကြိမ်စီကစားထားပြီး ဒီဘက်ခေတ်ရဲ့ အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုထက် တစ်ဂိုးပိုသွင်းကာ မက်ဆီနဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘတ်ပေအနေနဲ့ လက်ရှိခြေစွမ်းကိုသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ ကမ္ဘာ့ဖလားသမိုင်းရဲ့ ထာဝရသွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ ဂျာမနီတိုက်စစ်မှူး ကလိုဆေး (၁၆ ဂိုး) ကိုလည်း အသာအယာကျော်ဖြတ်သွားနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အမ်ဘတ်ပေဟာ အသက် ၁၉ နှစ်အရွယ်မှာပဲ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီး ဒီနှစ်မှာလည်း ချန်ပီယံဆုကိုကာကွယ်နိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အမ်ဘတ်ပေရဲ့ ရည်မှန်းချက်တွေ ဘယ်အဆင့်ထိ ခရီးပေါက်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။