အုပ်စုအဆင့်ကထွက်ခဲ့ရပေမယ့် သမိုင်းဝင်မှတ်တမ်းကောင်းတစ်ခု ရေးထိုးနိုင်ခဲ့တဲ့ ကင်မရွန်း

Author မောင်ရှမ်း
Categories
Published on Dec 03, 2022

ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့ကြတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေအဖြစ် အုပ်စု (G) က ကင်မရွန်းနဲ့ ဘရာဇီးလ်၊ ဆားဘီးယားနဲ့ ဆွစ်ဇာလန်တို့ ကစားခဲ့ကြပါတယ်။ ကင်မရွန်းက ဘရာဇီးလ်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဆွစ်ဇာလန်က ဆားဘီးယားကို သုံးဂိုး နှစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဘရာဇီးလ်နဲ့အတူ နောက်တစ်ဆင့်ကို ဆွစ်ဇာလန်အသင်းက တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်ကို အနိုင်ရခဲ့တဲ့ ကင်မရွန်းအနေနဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် သမိုင်းဝင်မှတ်တမ်းကောင်းတစ်ခုကိုတော့ ရရှိခဲ့ပါတယ်။ အဲဒီကတော့ ကမ္ဘာ့ဖလားပြိုင်သမိုင်းမှာ အာဖရိကအသင်းတစ်သင်းအနေနဲ့ ဘရာဇီးလ်ကို ပထဆုံးအကြိမ်အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲဟာ ဘရာဇီးလ်အတွက် ရလဒ်ပိုင်းအရ အရေးမပါတော့တာကြောင့် အရန်ကစားသမားအများစုနဲ့ ပွဲထွက်ခဲ့တာဖြစ်ပေမယ့် ကင်မရွန်းတို့အတွက်တော့ မှတ်တမ်းကောင်းတစ်ခုပိုင်ဆိုင်သွားခဲ့တာပါ။

ကင်မရွန်းအတွက် တစ်လုံးတည်းသောဂိုးကိုတော့ အသင်းခေါင်းဆောင် အဘူဘာကာက ၉၀+၂ မိနစ်အရောက်မှ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းယူပြီးချိန်မှာတော့ ပထမတစ်ဝါထိထားပေမယ့် ဂျာစီချွတ်အောင်ပွဲခံပြီး နောက်ထပ်တစ်ဝါ ရယူကာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ပါတယ်။ ပွဲပြီးဖို့လည်း တစ်မိနစ်သာလိုတော့ချိန်မှာ သမိုင်းဝင်သွင်းဂိုးအတွက် အဘူဘာကာတစ်ယောက် ရင်းနှီးလိုက်တဲ့ သဘောလို့လည်း ဆိုနိုင်ပါတယ်။ ကင်မရွန်းနည်းပြ ရီဂိုဘတ်ဆောင်းကတော့ သူတို့အနေနဲ့ သမိုင်းဝင်နိုင်ပွဲရရှိခဲ့ပေမယ့် အုပ်စုအဆင့်က မလွတ်မြောက်နိုင်ခဲ့တဲ့အတွက် ဝမ်းနည်းမိကြောင်း ပြောဆိုသွားခဲ့ပါတယ်။