သူ့ရဲ့အမှားအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး အယ်လ်မီရွန်ရဲ့ တည်ငြိမ်မှုအတွက် လေးစားမိတယ်လို့ ဆိုလာတဲ့ ဂရီးလစ်ချ်

Author မောင်ရှမ်း
Categories
Published on Dec 02, 2022

မန်စီးတီးအသင်းရဲ့ကြယ်ပွင့်ကစားသမား ဂျက် ဂရီးလစ်ချ်က နယူးကာဆယ်အသင်းရဲ့တောင်ပံကစားသမား အယ်မီရွန်အပေါ် လှောင်ပြောင်မိခဲ့ခြင်းကို ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ နေ့ရက်တစ်ခုမှာ ဂရီးလစ်ချ်က သူ့အသင်းဖော် မာရက်ဇ်ကို မင်းရဲ့ခြေစွမ်းဟာ နယူးကာဆယ်က အယ်မီရွန်လိုပဲ၊ ဒါကြောင့် မင်းကို နောက်ဆုံးပွဲမှာ ကစားခိုင်းဖို့မသင့်ခဲ့ဘူး လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပြောမိခဲ့ချိန်မှာ သူဟာ အရက်သောက်ထားမိကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

ဂရီးလစ်ချ်က “ကျွန်တော့်ကို ဘယ်သူမှ မမေးကြပေမယ့် ဒီကိစ္စကို ရှင်းပြချင်ပါတယ်။ အဲဒီနေ့က ကျွန်တော်တို့ Ibiza မှာ ရှိနေပြီး သောက်စားထားကြပါတယ်။ အဲဒီအချိန်မှာ ဗီဒီယိုရိုက်ထားတယ်လို့လည်း ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော်ဟာ လူတစ်ယောက်ကို အဲ့လိုတိုက်ခိုက်တတ်သူလည်း မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အယ်မီရွန်ရဲ့ တုံ့ပြန်ပုံကြောင့်လည်း အံ့အားသင့်ခဲ့ရပြီး သူသာဆိုရင် အဲ့လို အဆင့်အတန်းရှိရှိ ပြန်လည်ပြောဆိုနိုင်မှာမဟုတ်ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

အယ်မီရွန်ဟာ သူ့အပေါ် လှောင်ပြောင်ပြောဆိုခဲ့တဲ့ ဂရီးလစ်ချ်ရဲ့ ပြောစကားတွေနဲ့ပတ်သက်ပြီး မီဒီယာတွေ မေးမြန်းခဲ့စဉ်က သူဟာ ပါရာဂွေးကနေ အင်္ဂလန်မှာ အလုပ်လာလုပ်သူသာဖြစ်တာကြောင့် တခြားကိစ္စတွေကို စိတ်ထဲထားမှာမဟုတ်ဘူးလို့ဆိုခဲ့ပြီး ဂရီးလစ်ချ်အတွက်လည်း အကောင်းဆုံးဖြစ်ပါစေ လို့ ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အယ်မီရွန်ဟာ နယူးကာဆယ်နဲ့အတူ အထူးခြေစွမ်းပြနေပြီး ၁၅ ပွဲကစားရာမှာ ၈ ဂိုးသွင်းထားခဲ့ကာ ဂရီးလစ်ချ်ကတော့ ၈ ပွဲမှာ ၁ ဂိုးသာ သွင်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။