၂၀၁၀ တုန်းက လက်နဲ့ပုတ်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂါနာကို တောင်းပန်မှာမဟုတ်ဘူးလို့ ဆိုလာတဲ့ ဆွာရက်ဇ်

Author မောင်ရှမ်း
Categories
Published on Dec 02, 2022

ဒီည ၉ နာရီခွဲမှာတော့ အုပ်စု (H) ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် အာဖရိကကိုယ်စားပြု ဂါနာအသင်းနဲ့ တောင်အမေရိက ကိုယ်စားပြု ဥရုဂွေးတို့ ကစားသွားဖို့ ရှိနေပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဂါနာအသင်းဟာ ၂ ပွဲကစားပြီး ၃ မှတ်ရထားသလို ဥရုဂွေးကတော့ ၂ ပွဲကစားပြီး ၁ မှတ်ရထားပါတယ်။ ဒါကြောင့် ဒီပွဲမှာအနိုင်ရဖို့က နှစ်သင်းလုံးအတွက် အရေးပါနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း တောင်ကိုရီးယားကသာ ပေါ်တူဂီကို အနိုင်မရခဲ့ဘူးဆိုရင် ဂါနာအနေနဲ့တော့ သရေကစားရုံနဲ့ နောက်တစ်ဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်။

ဂါနာနဲ့ ဥရုဂွေးတို့ဟာ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ဆုံတွေ့ခဲ့ကြဖူးပြီး မိနစ် ၉၀ အတွင်း သရေကျနေလို့ အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုရဲ့ နောက်ဆုံးမိနစ်ကို ရောက်ချိန်မှာ ဂါနာကစားသမား ခေါင်းတိုက်လိုက်တဲ့ဘောလုံးဟာ ဂိုးသမားကိုကျော်ပြီး ဂိုးပေါက်ထဲကို ရောက်သွားချိန်မှာ ဆွာရက်ဇ်က ဂိုးစည်းပေါ်ကနေ လက်နဲ့ ပုတ်ထုတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် ဆွာရက်ဇ်လည်း တိုက်ရိုက်အနီထိခဲ့ကာ ဂါနာတို့ ပင်နယ်တီကန်ခဲ့ရပေမယ့် အဆာမိုဂျန်က လွဲချော်သွားခဲ့လို့ အသည်းကွဲခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာတော့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ဂါနာပရိသတ်တွေအတွက်တော့ ဆွာရက်ဇ်ဟာ ရန်သူတစ်ယောက်လိုထင်မြင်ခံခဲ့ရပါတယ်။ ဥရုဂွေးဘက်က ကြည့်မယ်ဆိုရင်တော့ ဆွာရက်ဇ်ဟာ သူရဲကောင်းဖြစ်ခဲ့ပေမယ့် တစ်ခြားတစ်ဖက်အတွက်တော့ အကြီးစားဗီလိန်တစ်ယောက်ပါပဲ။ ဒီနေ့မှာတွေ့ဆုံမယ့်ပွဲမတိုင်ခင် အင်တာဗျူးမှာ အဲဒီဖြစ်ရပ်အတွက် ဂါနာအသင်းကိုတောင်းပန်ဖို့ စိတ်ကူးရှိသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဆွာရက်ဇ်က ၂၀၁၀ တုန်းက လက်နဲ့ပုတ်ခဲ့တာအတွက် ကျွန်တော် တောင်းပန်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း အနီထိခဲ့သလို သူတို့လည်း ပင်နယ်တီရခဲ့ပါတယ်။ ပင်နယ်တီမဝင်တာက ကျွန်တော်မဟုတ်တဲ့အတွက် တောင်းပန်စရာမလိုပါဘူး လို့ ပြောဆိုသွားခဲ့ပါတယ်။