ဒူဘိုင်းတွင် ဒုက္ခရောက်နေသည့် မြန်မာအိမ်အကူ ၂၀ကျော်ကို STUMအဖွဲ့ ကယ်ဆယ်နိုင်ခဲ့

Author ခေတ်နီ
Categories
Published on Dec 01, 2022

အာရပ်စော်ဘွားများနိုင်ငံ( UAE )ဒူဘိုင်းမြို့မှာ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ပြီး ဒုက္ခကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး၂၀ ကျော်ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီဟု သွေးစည်ညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ(STUM)မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး အခက်အခဲ ဒုက္ခများကြုံတွေ့နေသူများထဲမှ STUMအဖွဲ့ထံ အကူအညီတောင်းခံလာသည့် အမျိုးသမီး ၂၉ ဦးအနက်မှ ၂၆ဦးကို ကယ်ထုတ်လာနိုင်ခဲ့တာပဲ ဖြစ်သည်။

“အကူအညီတောင်းတဲ့၂၉ ယောက်တည်းက ၂၆ယောက်ပြန်ရောက်ပြီ ၃ ယောက်တော့ကျန်ပေါ့ ပြန်ခေါ်ဖို့က ကျမတို့အဖွဲ့တခုတည်းကပဲ လုပ်ခဲ့တာတော့မဟုတ်ဘူး အဲ့က အဖွဲ့တွေပါတယ် သံအမတ်တစ်ယောက်ပါ ကူညီပေးတယ်”ဟု (STUM)မှ တာဝန်ရှိသူတစ်ဦးမှ CJ Platform ကိုပြောသည်။

ယခုလို ပြန်လည်လွတ်မြောက်လာသူများကို STUMမှ လေယာဥ်လက်မှတ်ဖိုးကျခံကာ ပြန်လည်ခေါ်ယူခဲ့ရတာဖြစ်ပြီး တချို့အလုပ်သမားများကတော့ ၎င်းတို့ကို အိမ်အကူ ချိတ်ဆက်ပို့ဆောင်ပေးသူမျာအား လျှော်ကြေး ပြန်လည်ပေးဆောင်ခဲ့ရမှုများလဲ ရှိကြောင်း သိရသည်။

“ကျမတို့က သူတို့စပြီး အကူအညီတောင်းတော့ ၂ ရက် ၃ ရက်လောက်နဲ့ဖြေရှင်းလို့ရမယ် ထင်တာပေါ့ ဒါပေမယ့် ထင်ထားသလိုမရိုးရှင်းဘူး အလုပ်ရှင်ဖက်က ပက်စပို့စ့်သိမ်းထားတာတို့ လျှော်ကြေးပြန်ပေးရတာတို့ အဲ့က ဥပဒေတွေအ ရပြန်ခေါ်မရတာတို့တော့ရှိတာပေါ့ အတော်ကိုခက်ခက်ခဲခဲလုပ်ယူရတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုသို့ ပြန်လွှတ်လာသူများသည် ဒူဘိုင်းတွင် အလုပ်ရှင် သို့မဟုတ် ပွဲစားများမှ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းကာ အခန်းတွင်းပိတ်လှောင်ထားခြင်း၊ အလုပ်ရှင်မှ နှိပ်စက်မှုများလည်း ကြုံတွေ့ခဲ့ရမှုများကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုများပါ ရှိခဲ့ကြောင်း သိရသည်။

ပြန်လည် လွတ်မြောက်လာသူများကို နေရပ်ပြန်လည်ပို့ဆောင်ပေးမှုများနှင့် လုံခြုံသည့်နေရာများတွင် ပို့ဆောင်ထားပေးပြီး ဖြစ်ကြောင်းလဲ သိရသည်။

“သူတို့ကြုံခဲ့ရတာတွေက ပြောပြရင်ခဏလေးတောင်ပြောမကုန်လောက်ဘူး ကျမတို့တော့ မခံနိုင်တော့ဘူး ကျမတို့တော့ သတ်သေတော့မယ်ဆိုပြီး ပြောတဲ့အထိပဲ အဲ့effectက ကျမတို့ကိုပါကူးတယ် မကူညီနိုင်လိုက်ရင်ဆိုတဲ့ အတွေးက အိပ်လို့တောင်မရဘူး ၊သံရုံးနဲ့ချိတ်ပြီးရတော့ ပြန်ရောက်ခြင်း လူကုန်တားကနေ လာခေါ်သွားတာရှိတယ် သူတို့ကနေ အမှုဖွင့်ပေး ဘာညာလုပ်တယ် တချို့ကိုလဲ အိမ်ပြန်ပို့ပြီးပြီ တချို့ကိုလဲ အမတို့နဲ့အတူ safe houseမှာပဲ နေခိုင်းထားတယ်”ဟု STUMမှ တာဝန်ရှိသူက ပြောသည်။

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း နိုင်ငံတွင်းမှ အမျိုးသမီးတချို့သည် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်ကာ အိမ်အကူအဖြစ် လုပ်ကိုင်နေကြပြီး ၎င်းတို့အား ချိတ်ဆက်ပို့ဆောင်ပေးသည့် ပွဲစားများ၏ လိမ်လည်မှုနှင့် အလုပ်ရှင်များ၏ နှိပ်စက်ညှင်းပန်းမှုကြောင့် မြန်မာနိုင်ငံသို့ပြန်နိုင်ရန် အကူအညီ တောင်းခံမှုများလည်း အများအပြားရှိနေလျက် ရှိသည်။
ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒူဘိုင်း #အိမ်အကူ #ရွေ့ပြောင်းလုပ်သား #အမျိုးသမီး