စစ်ကောင်စီတပ်တွင်း စည်းလုံးမှု မရှိတော့သဖြင့် မင်းအောင်လှိုင်ကိုယ်တိုင် စည်းရုံးရေးဆင်းနေ

Author လင်းခိုင်
Categories
Published on Nov 29, 2022

 

စစ်ကောင်စီတပ်တွင်း စည်းလုံးမှုမရှိတော့ သဖြင့် မင်းအောင်လှိုင်ကိုယ်တိုင် စည်းရုံးရေး ဆင်းနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နို၀င်ဘာ ၂၈ ရက်က မကွေးတပ်နယ်မှ စစ်သည် မိသားများနှင့် တွေ့ဆုံခဲ့ပြီး တပ်တွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအောင် တည်ဆောက်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

မင်းအောင်လှိုင်က တပ်မတော်သားအနေဖြင့် စည်းကမ်းတကျဖြင့် နေထိုင် လုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ တပ်တည်ဆောက်ရေး လုပ်ငန်းများကို ထမ်းဆောင်နေရသူများအနေဖြင့် မှန်မှန်ကန်ကန် ဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရှေ့တန်းတာ၀န်ထမ်းဆောင်နေရသူများ အနေဖြင့် ရဲဝံ့စွန့်စားစွာဖြင့် တာ၀န်ကို ကျေပွန်စွာထမ်းဆောင်ရမည်ဟု ပြောသည်။

ထို့ပြင် စစ်သည်တစ်ဦးချင်း ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ ရပိုင်ခွင့်များအားလုံး ပြည့်၀စွာရရှိရေး တာ၀န်ရှိသူများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ရန်လိုသည်ဟု မင်းအောင်လှိုင်ကပြောကြားသည်။

ယင်းအပြင် တပ်တွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ အထက်အောက်လေးစားရိုသေမှုရှိအောင် ဆောင်ရွက်ပေးခြင်းနှင့် ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ခြင်းကို ဆောင်ရွက်ပေးကာ အထက်အောက် သံယောဇဉ်တရားဖြစ်ပေါ်ပြီး တပ်တွင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေနိုင်မည်ဟု မင်းအောင်လှိုင်က ပြောကြားသည်။

ဆက်လက်ပြီး မင်းအောင်လှိုင်က ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံစီးပွားရေးသည် ထိုက်သင့်သလောက် တိုးတက်လာပြီ၊ နိုင်ငံလုံခြုံရေးနှင့် ဥပဒေအရ တည်ငြိမ်ရေးကိုလည်း ဆောင်ရွက်ရမည်ဟု တပ်တွင်းစည်းရုံး ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် လက်နက်ကိုင်တော်လှန်ရေးများဖြစ်ပေါ်ခဲ့ ကာ CDM ပြုလုပ်ခဲ့သည့် စစ်သားများ၊ တပ်စခန်းမှ ထွက်ပြေးသည့် စစ်သားများနှင့် သေဆုံးခဲ့သည့် စစ်သား အများအပြားရှိခဲ့သည့်အတွက် မင်းအောင်လှိုင်သည် တပ်နယ်များသို့ သွားရောက်ပြီး မကြာခဏ စည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းအောင်လှိုင် #စည်းရုံးရေးဆင်း