စီရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ဒေါ်လာ ၇၅ သန်းနဲ့ ကမ်းလှမ်းလိုက်တဲ့ ဆော်ဒီကလပ် အယ်လ်နက်ဆာ

Author မောင်ရှမ်း
Categories
Published on Nov 27, 2022

ဆော်ဒီအာရေဗျကလပ် အယ်လ်နက်ဆာအသင်းဟာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုကို တစ်နှစ်လုပ်ခအဖြစ် ဒေါ်လာ ၇၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကမ်းလှမ်းမှုဟာ ၃ နှစ်အတွက်ဖြစ်ပြီး ဒေါ်လာ ၂၂၅ သန်းပေးချေသွားဖို့ အသင့်ရှိနေကြောင်း CBS Sports က ဖော်ပြလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်အတွင်းမှာ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ယူနိုက်တက်အသင်းဟာ သူ့ကို သစ္စာဖောက်ခဲ့ကြောင်းနဲ့ နည်းပြ အဲရစ်တန်ဟက်က သူ့ကို လေးစားမှုမထားတဲ့အတွက် ပြန်လည်လေးစားမှုမပေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ မန်ယူအသင်းဘက်ကနေ ရော်နယ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကြောင်း ကြေညာထားခဲ့ပြီးဖြစ်လို့ လက်ရှိအချိန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့် ရှိနေခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုသာ အာရုံစိုက်ထားတယ်လို့ ဆိုတာကြောင့် ပြိုင်ပွဲအပြီးမှာတော့ သူ့ရဲ့အနာဂတ်ကို ရှင်းလင်းစွာ သိခွင့်ရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုကို ကမ်းလှမ်းခဲ့တဲ့ အယ်လ်နက်ဆာအသင်းဟာ ဆော်ဒီလိဂ်ဖလားကို ၉ ကြိမ်ရရှိခဲ့ကာ ၁၉၉၅ ခုနှစ်မှာ အာရှချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

ဒေါ်လာ ၂၂၅ သန်းဆိုတာ (ပေါင် ၁၈၆ သန်းဝန်းကျင်) မက်လောက်စရာ ငွေကြေးပမာဏတစ်ခုဖြစ်နေသလို စိန်ခေါ်မှုအသစ်၊ ရေမြေအသစ်တွေကို ခြေချဖို့ စိတ်ဝင်စားတဲ့ ရော်နယ်ဒိုကြောင့် ဘာမဆိုဖြစ်သွားနိုင်တဲ့အပြောင်းအရွှေ့တစ်ခုအဖြစ် သတ်မှတ်ရမှာလည်းဖြစ်ပါတယ်။