ဘရာဇီးလ်အသင်းရဲ့ အုပ်စုပွဲစဉ် (၂) ပွဲကို လွဲချော်ရတော့မယ့် နေမာ

Author မောင်ရှမ်း
Categories
Published on Nov 26, 2022

ဘရာဇီးလ်အသင်းရဲ့ အားထားရဆုံးတိုက်စစ်ကစားသမားဖြစ်တဲ့ နေမာကတော့ ဆားဘီးယားအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လာမယ့် အုပ်စုပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်တော့မှာမဟုတ်ကြောင်း အသင်းဆရာဝန်က အတည်ပြုပြောဆိုသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ဆားဘီယားနဲ့ပွဲစဉ်မှာ ၉ ကြိမ်အထိ လူချခံခဲ့ရပြီး ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူချခံရဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ အန်တိုနီနဲ့ လူစားလဲခဲ့ရတဲ့ နေမာက လက်ရှိဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဒါဟာ ကျွန်တော့်ဘဝရဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေထဲက တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်အသင်းဖော်တွေကို ကူညီနိုင်ဖို့ ကျွန်တော်ပြန်လာမယ်ဆိုတာ သေချာပါတယ် လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းရဲ့လူစာရင်းမှာ နေမာအပြင် ညာနောက်ခံလူ ဒါနီလိုကလည်း ခြေချင်းဝတ်မှာ ဒဏ်ရာရရှိခဲ့ပြီး လာမယ့်အုပ်စုပွဲတွေကို လွဲချော်ဦးမှာဖြစ်ပါတယ်။ အသင်းဆရာဝန် ရိုဒရီဂို လက်စ်မာ နေမာနဲ့ ဒန်နီလိုတို့ရဲ့ ဒဏ်ရာကို သောကြာနေ့မွန်းလွဲပိုင်းမှာ MRI ရိုက်တဲ့အခါ သူတို့ရဲ့ ခြေချင်းဝတ် အရွတ်တွေ ပျက်စီးနေတာ မြင်တွေ့ရပါတယ်၊ ဒါပေမယ့် အုပ်စုအဆင့်က တက်ပြီးရင်တော့ သူတို့ ပြန်ကစားနိုင်မှာပါ လို့ ပြောဆိုသွားခဲ့ပါတယ်။