အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းအပေါ် နားမလည်နိုင်ကြောင်း ဒီဘရိုင်းဖွင့်ဟ

Author မောင်ရှမ်း
Categories
Published on Nov 24, 2022

ဘယ်လ်ဂျီယံကွင်းလယ်လူ ကီဗင် ဒီဘရိုင်းကတော့ ကနေဒါကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းအပေါ် နားမလည်နိုင်ဖြစ်မိကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ ဘတ်ရှူအာရီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့် တစ်ပွဲလုံးအတိုင်းအတာအရ ကနေဒါက ပိုကောင်းအောင် ကစားသွားနိုင်ခဲ့ပြီး အခွင့်အရေးပေါင်းများစွာနဲ့ ဂိုးကန်သွင်းခွင့် အကြိမ်ကြိမ်ကိုလည်း ဘယ်လ်ဂျီယံတို့ ခွင့်ပြုခဲ့ရပါတယ်။

ဒါပေမယ့် ပွဲအပြီးမှာတော့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းအပေါ် ဒီဘရိုင်းက “ဒီပွဲမှာ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ မထင်ပါဘူး။ ဒါကြောင့် ဒီဆုကို ကျွန်တော်ဘာလို့ ရသွားလဲဆိုတာတောင် မသိဘူးလေ၊ ထင်တာကတော့ ကျွန်တော့်ရဲ့ နာမည်ကျော်ကြားမှုကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲမှာတော့ ဒီဘရိုင်းဟာ တစ်ပွဲလုံးမှာ ပေးပို့မှု ၃၃ ကြိမ်သာပြုလုပ်နိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်၊ လိမ်ခေါက်ကျော်ဖြတ်မှုတစ်ကြိမ်နဲ့ ဖြတ်တင်ဘောသုံးကြိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးမဖြစ်ခဲ့တဲ့ ကစားသမားက အကောင်းဆုံးဆု လက်ခံရရှိခဲ့ပြီး သူကိုယ်တိုင်တောင် နားမလည်နိုင်ဖြစ်ရတယ်လို့ ဆိုလာတော့ ဆုရွေးချယ်ရေးအဖွ့ဲအနေနဲ့ နောက်လာမယ့်ပွဲစဉ်တွေမှာ သတိထားရွေးချယ်ဖို့လိုအပ်ကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိနေခဲ့ပါတယ်။