စစ်ကြောင်းထိုးမည်ဟု ဆိုကာ ရွှေကျင်မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ရွာ ၁ ခုကို စစ်ကောင်စီက ဖယ်ရှားခိုင်း

Author လင်းခိုင်
Categories
Published on Nov 23, 2022

 

စစ်ကြောင်းထိုးမည်ဟုဆိုကာ ပဲခူးတိုင်း၊ ရွှေကျင်မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ရွာ ၁ ခုကို အကြမ်းဖက်စစ်ကောင်စီက ဖယ်ရှားခိုင်းကြောင်း KNU က ယနေ့ထုတ်ပြန်ထားသည်။

ဘောကထာ၊ သံဆိပ်၊ တုံးတံတား တိုက်ပွဲများအပြီး စစ်ကောင်စီ ဘက်က စစ်ကြောင်းထိုးရန် စီစဉ်နေခြင်းကြောင့် ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် ယာယီရွှေ့ပြောင်းပေးထားကြရန် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရွှေကျင်-သံဆိပ်-ဘောကထာ ကားလမ်းဘေးကရွာတွေကို ယာယီရွှေ့ပြောင်းဖို့ ၁၄ ရက်နေ့ကတည်းကပြောတယ်၊ ကျွဲတဲကွက်သစ်နဲ့ ခြေတော်ရာ(ရှမ်းရွာ)ကို တော့ ၂၁ ရက်နေ့မှာ ထပ်ပြောတယ်။ သူတို့စစ်ကြောင်းထိုးလာလို့ ထိခိုက်မိရင်တာ၀န်မနိုင်ဘူး။ ကြိုတင်ရှောင်ထားတဲ့၊ သတိပေးပေမယ့် တရား၀င်မဟုတ်ဘူး။ သူတို့နဲကနီးစပ်တဲ့လူတွေကို ရွေးပြီး သတိပေးသလိုမျိုး” ဟု ဒေသခံတစ်ဦးက ပြောကြားကြောင်း KNU က ထုတ်ပြန်ထားသည်။

ထို့ပြင် ရွှေကျင်မြို့ပေါ်ရပ်ကွက်များရှိ လမ်းများပေါ်တွင် ညအိပ်ရပ်နားထားသည့် ကားများကိုလည်း ရွှေ့ပြောင်းထားရန်နှင့် စစ်ကောင်စီတပ်များက ကားများကို ချောဆွဲပါက တာ၀န်မယူနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက ပြောကြားမှုများရှိနေသည်။

စစ်ကောင်စီမှ ရွှေ့ပြောင်းခိုင်သည့် ရပ်ကွက် ၂ခုနှင့် ရွာ ၁ခုတွင် ဒေသခံ ပြည်သူ ၅၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ဒေသခံများအနေဖြင့် အခြေအနေကြည့်ကာ ရွှေ့ပြောင်းမှုများပြုလုပ်ခြင်းမရှိသေးကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် တပ်သားများစုနေကာ၊ တင့်တကား အမြှောက်ကား၊ ရိက္ခာ ကားများဖြင့် ရွှေကျင်ဗျူဟာကုန်းအတွင်းသို့ ၀င်ရောက်လာပြီး KNLA တပ်များရှိရာသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်းသိရသည်။
ဓာတ်ပုံ-Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #KNU