ကမ္ဘာ့ဖလားသမိုင်းမှာ အရှည်ကြာဆုံး နာကျင်အချိန်ပိုမိနစ်တွေဖြစ်လာရခြင်းအကြောင်းရင်း

Author မောင်ရှမ်း
Categories
Published on Nov 22, 2022

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ၄ ပွဲ အထိ ကစားပြီးခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအထဲက သုံးပွဲမှာ ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်ခဲ့တာကတော့ နာကျင်အချိန်ပိုမိနစ်တွေဟာ အရင်လိုမဟုတ်ဘဲ ၁၀ မိနစ်နဲ့အထက်တွေဖြစ်နေတာ များနေလို့ပါပဲ။ ဒါဟာ ဘာကြောင့်လဲဆိုတာ အားလုံးက စိတ်ဝင်စားနေခဲ့ကြပါတယ်။

မနေ့က ကစားခဲ့တဲ့ အင်္ဂလန်နဲ့ အီရန်တို့ရဲ့ပွဲစဉ်မှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းနှစ်ခုပေါင်း နာကျင်အချိန်ပိုဟာ ၂၄ မိနစ်အထိရှိခဲ့သလို ဆီနီဂေါနဲ့ နယ်သာလန်ပွဲမှာလည်း ၁၄ မိနစ်အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဝေးလ်တို့ပွဲစဉ်မှာလည်း နာကျင်အချိန်ပိုဟာ ၁၆ မိနစ်ထိ ကြာခဲ့ပါတယ်။ အဲဒီပွဲတွေထဲမှာတော့ အီရန်အသင်းဒုတိယချေပဂိုးသွင်းချိန်ဟာ ၉၀+၁၃ မိနစ် ရှိနေခဲ့ပြီဖြစ်လို့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် နာကျင်အချိန်ပိုမိနစ်မှာ နောက်အကျဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဆီနီဂေါနဲ့ နယ်သာလန်တို့ပွဲစဉ်မှာလည်း ကလာဆန်သွင်းယူခဲ့တဲ့ ဒုတိယဂိုးဟာ ၉၀+၉ မိနစ်မှ ရရှိခဲ့တာဖြစ်ပါတယ်။

အခုလိုအချိန်ပိုမိနစ်တွေ များနေခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ နာမည်ကျော် အီတလီ ဒိုင်လူကြီးဟောင်း ကော်လီနာကြောင့်ပါပဲ။ အားလုံးက လေးစားကြတဲ့ ကော်လီနာဟာ ၂၀၀၅ ခုနှစ်မှာ ဒိုင်အဖြစ်ကနေ အနားယူသွားခဲ့ပြီး လက်ရှိမှာတော့ ဖီဖာဒိုင်လူကြီးများကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။ သူက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းတွေအနေနဲ့ အချိန်ဆွဲခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် ဂိုးသွင်းအပြီးအောင်ပွဲခံချိန်တွေ၊ လူစားလဲချိန်တွေ၊ ထောင့်ကန်ဘော၊ ပြစ်ဒဏ်ဘော၊ လက်ပစ်ဘောတို့အတွက် ပြင်ဆင်မှုမှာ ကြာချိန်တွေကို မှတ်ယူထားပြီး နာကျင်အချိန်ပို မိနစ်အဖြစ် ပြန်ပေါင်းပေးဖို့ အကြံပြုခဲ့တာကြောင့် ဖီဖာအနေနဲ့ စည်းမျဉ်းအသစ်ကို ထုတ်ပြန်ထားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ မြင်တွေ့နေကျဖြစ်တဲ့ နည်းလမ်းမျိုးစုံနဲ့ အချိန်ဆွဲတဲ့အကျင့်တွေကတော့ ဒီနှစ်မှာ ပျောက်ပျက်သွားဖွယ်ရှိနေပါတယ်။