အကြမ်းဖက်အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြတဲ့ အီရန်ကစားသမားများ

Author မောင်ရှမ်း
Categories
Published on Nov 22, 2022

ယမန်နေ့က ကစားခဲ့တဲ့ အင်္ဂလန်နဲ့ အီရန်တို့ရဲ့ပွဲစဉ်မတိုင်ခင်မှာ နိုင်ငံတော်သီချင်းသီဆိုရတဲ့ အချိန်မှာ အီရန်အသင်းသားတွေဟာ နူတ်ဆိတ်နေခဲ့ကြပြီး အီရန်အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ ဘောလုံးဟာ ကစားပွဲတစ်ခုထက်ပိုတယ်ဆိုတဲ့ စကားကိုလည်း သတိရမိစေပါတယ်။ ကာတာနိုင်ငံအထိ လာရောက်အားပေးခဲ့တဲ့ အီရန်ပရိသတ်တစ်ယောက်ကတော့ “ကျွန်တော်တို့နိုင်ငံက အခြေအနေမကောင်းသလို ပြည်သူတွေလည်း ပျော်ရွှင်မှုမရှိကြပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက်ဟာ ဝတ်စားဆင်ယင်မှုကြောင့် ယဉ်ကျေးမှုကို ဆန့်ကျင်တဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရပြီး အချုပ်ခန်းထဲမှာ နှိပ်စက်မှုတွေကြောင့်သတိလစ်မေ့မျောကာ သုံးရက်အကြာမှာပဲ သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ၊ အစိုးရဆန့်ကျင့်ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

အီရန်အစိုးရကလည်း ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပြည်သူ ၄၀၀ ကျော်သေဆုံးခဲ့ကာ ၁၆၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ပြောဆိုမှုအရ သိရှိရပါတယ်။ အီရန်အစိုးရကတော့ သူတို့ကို ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေဟာ ပြည်ပရန်သူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။