မက်ဆီက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်ပြီး ဒီနှစ်မှာ အာဂျင်တီးနား ဗိုလ်စွဲမယ်လို့ ခန့်မှန်းခဲ့တဲ့ ရွန်နီ

Author မောင်ရှမ်း
Categories
Published on Nov 19, 2022

အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ထာဝရသွင်းဂိုးအများဆုံးဖြစ်တဲ့ ဝိန်းရွန်နီကတော့ ဒူဘိုင်းမှာကျင်းပခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲကို တက်ရောက်ရင်း သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာတော့ အာဂျင်တီးနားအသင်းဟာ ဒီနှစ်မှာ ချန်ပီယံဖြစ်သွားမယ်လို့ ထင်မြင်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဒီနှစ်ကမ္ဘာ့ဖလားမှာ ဘယ်အသင်းဗိုလ်စွဲနိုင်မယ်ထင်လဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဝိန်းရွန်နီက “ကျွန်တော်ကတော့ အာဂျင်တီးနားကို အကြိုက်ဆုံးပါပဲ။ ၂၀၁၈ နဲ့မတူတာကတော့ မက်ဆီရဲ့အနားမှာ လော်တာရို မာတီနက်ဇ်၊ ပါရီဒက်စ်၊ ဒီပေါလ်နဲ့ ဒီမာရီယာတို့လို ကစားသမားကောင်းတွေ အများကြီး ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း ကိုပါအမေရိကဖလား ရရှိထားတာဖြစ်လို့ သူတို့အတွက် ယုံကြည်မှုပိုရှိနိုင်ပြီး ဖိအားကင်းကင်းနဲ့လည်း ကစားနိုင်မယ်ထင်ပါတယ်။ ကာတာရဲ့ ရာသီဥတုကလည်း သူတို့နဲ့ လိုက်ဖက်တယ်လေ။ သူတို့မှာ အားနည်းမယ့်နေရာကတော့ နံပါတ် ၉ နေရာပါပဲ။ ဒါပေမယ့်လည်း သူတို့အသင်းဟာ တကယ်ကို ကြောက်စရာကောင်းပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ မက်ဆီသာ ကမ္ဘာ့ဖလားရခဲ့ရင် ထာဝရအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ရွန်နီက “လူတိုင်းက မက်ဆီနဲ့ ရော်နယ်ဒိုတို့အပေါ် မတူညီတဲ့အမြင်တွေရှိနေပေမယ့် ကျွန်တော်ကတော့ မက်ဆီက ပိုကောင်းတယ်လို့ အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ မက်ဆီဟာ မာရာဒိုနာရဲ့ကစားပုံနဲ့ ဆင်တူတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး သူကတောင် ပိုကောင်းပါတယ်။ မက်ဆီက ပွဲကိုထိန်းချုပ်နိုင်သလို အလိမ်အခေါက်စကေးတွေ၊ ဂိုးဖန်တီးမှုတွေ အားလုံးလုပ်နိုင်ပါတယ်။ ရော်နယ်ဒိုကကျတော့ ဂိုးပိုသွင်းနိုင်တာပေါ့” လို့ ပြောဆိုသွားခဲ့ပါတယ်။