ဒီနှစ်ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူဟောင်း ပီတစ်

Author မောင်ရှမ်း
Categories
Published on Nov 19, 2022

မနက်ဖြန်မှာ စတင်တော့မယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီးလ်တို့ ချန်ပီယံအဖြစ် အောင်ပွဲခံသွားမယ်လို့ ပြင်သစ်ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်က ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

ပီတစ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ပြင်သစ်က ဘရာဇီးလ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့စဉ်က အသင်းအတွက် တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Mirror Football နဲ့ တွေ့ဆုံမှုမှာတော့ ဒီနှစ်ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်နိုင်မယ့်အသင်းနဲ့ပတ်သက်ပြီး ပီတစ်က “ဘရာဇီးလ်တို့ ဗိုလ်စွဲသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တောင်အမေရိကအသင်းတစ်သင်းအနေနဲ့ ကမ္ဘာ့ဖလားကို နောက်ဆုံးရထားခဲ့တာ အနှစ် ၂၀ တောင် ရှိခဲ့ပါပြီ။ အဲဒီတုန်းကလည်း ဘရာဇီးလ်ဟာ အာရှမြေမှာကျင်းပတဲ့ ၂၀၀၂ ခုနှစ်မှာ ဗိုလ်စွဲခဲ့တာပေါ့။ ပြီးတော့ ဘရာဇီးလ်ရဲ့လူစာရင်းကို ကြည့်လိုက်ရင် ပွဲကြီးပွဲကောင်းတွေအများကြီး ကစားဖူးတဲ့ အတွေ့အကြုံရင့်ကစားသမားတွေ ပါဝင်နေပါတယ်။ ပြီးတော့ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ၁၅ ဂိုးသွင်း၊ ၁၂ ကြိမ် ဖန်တီးထားတဲ့ နေမာရှိနေတယ်။ ဒါဟာ သူ့အတွက် ဘလွန်းဒီအော်နဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့အတွက် နောက်ဆုံးအခွင့်အရေးပါပဲ။ ဒီတစ်ကြိမ်မှာတော့ သူတို့အလှည့်ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ ပြင်သစ်နဲ့ အင်္ဂလန်အသင်းကတော့ ဒဏ်ရာရကစားသမားတွေ များပြားမှုကြောင့် မျှော်လင့်သလို ဖြစ်လာနိုင်မှာမဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဒဏ်ရာကြောင့် ရီစီဂျိမ်းစ်နဲ့ ချီဝဲလ်တို့ကို ဆုံးရှုံးခဲ့ရသလို လက်ရှိချန်ပီယံပြင်သစ်အသင်းဟာလည်း ၂၀၁၈ မှာ ဗိုလ်စွဲခဲ့စဉ်က အဓိက ကွင်းလယ်ကျောရိုးဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ ကန်တီကို ဒဏ်ရာပြဿနာကြောင့်ပဲ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။