စစ်ကောင်စီသည် ရိုဟင်ဂျာများကို ရာဇဝတ်ကျူးလွန်သည့်အပြင် ပြည်သူများကိုလည်း နှိပ်စက်သတ်ဖြတ်ခြင်း ကျူးလွန်နေဟုဆို

Author CJ Platform
Categories
Published on Aug 25, 2022

🖋လင်းခိုင်

ရိုဟင်ဂျာများကို ရာဇဝတ်မှုကျူးလွန်သည့်စစ်တပ်သည် ပြည်သူများကို နှိပ်စက် သတ်ဖြတ်ခြင်းများ ဆက်လက်ကျူးလွန်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ငါးနှစ်ပြည့်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ သတင်းထုတ်ပြန်ချက်ကို ယနေ့တွင် မြန်မာနိုင်ငံတိုင်ရာအမေရိကန်သံရုံးကထုတ်ပြန်ထားသည်။

လွန်ခဲ့သည့်ငါးနှစ်က စစ်တပ်သည် ရိုဟင်ဂျာများ၏ ရွာများဖျက်ဆီးခြင်း အဓ္ဓမပြုကျင့်ခြင်း ထောင်ပေါင်းများစွာသော ရိုဟင်ဂျာအမျိုးသား အမျိုးသမီးများနှင့် ကလေးငယ်များစွာကိုသတ်ဖြတ်ခဲ့ကြောင်း ရိုဟင်ဂျာများအပေါ် စစ်တပ်ကျူးလွန်ခဲ့မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟု မိမိထုတ်ဖော်ပြောဆိုခဲ့ကြောင်း ၎င်းကပြောကြားသည်။

အထက်ပါရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် စစ်တပ်သည် အာဏာသိမ်းမှုနောက်ပိုင်း တွင်လည်း မြန်မာပြည်သူများကို နှိပ်ကွတ်ခြင်း ညှဥ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ဆက်လက်ကျူးလွန်ခဲ့ကြောင်း ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်း ဆောင်များကို ကွပ်မျက်မှုသည်ပြည်သူအသက် ကိုအရေးမထားသည်ကိုဖော်ပြသည့်သာဓကတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် သတ်ဖြတ်ခံရသူများနှင့် အသက်ရှင်ကျန်ရစ် သူများအားလုံးနှင့် တစ်သားတည်းရှိပြီး ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူများအတွက် တရားမျှတမှု ရှာဖွေရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးအတွက် မိမိတို၏ သန္နိဌာန်ကိုထပ်လောင်းအတည်ပြုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

စစ်အာဏာရှင် အာဏာတည်မြဲနေသ၍ ရိုဟင်ဂျာလူမျိုးများ လူအစုအဝေးလိုက် နေရပ်ပြန်ရေးမှာမဖြစ်နိုင်သည် အမေရိကန် ပြည်ထောင်စုက နားလည်သဘောပေါက်ထားပြီး အခြားနည်းလမ်းများကိုရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

အမေရိကန်အနေဖြင့် စီးပွားရေးနှင့် သံတမန်ရေးအရ ပိုမိုဖိအားပေးခြင်း ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူများ လိုလားတောင့်တနေသည့် လွတ်လပ်ရေးနှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးထောက်ခံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။