ရှမ်းပြည်မှာ သုံးလအတွင်း ကျားဖြန့်လုပ်ကိုင်သူအဖြစ် ဖမ်းမိသူ ၇၅၉ ဦးအနက် ၅၀၂ ဦးမှာ တရုတ်နိုင်ငံသားဖြစ်

Author CJ Platform
Categories
Published on Nov 19, 2026

ရှမ်းပြည်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ကိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ ပြည်ပနိုင်ငံသား အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်နေပြီး နိုဝင်ဘာ ၁၈ ရက်ကလည်း လဲချားမြို့နယ်အတွင်း တရုတ်နိုင်ငံသား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

စစ်အုပ်စုရဲ့ စာရင်းတွေအရ ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ သုံးလတာကာလအတွင်း ရှမ်းပြည်မှာ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူအဖြစ် ဖမ်းဆီးရမိခဲ့တဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၇၅၉ ဦးအနက် ၅၀၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၆၆ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီတရုတ်နိုင်ငံသားတွေဟာ တရုတ်နိုင်ငံသားအချင်းချင်းကို အဓိကပစ်မှတ်ထားပြီး WeChat၊ QQ၊ Telegram၊ Safe W၊ Yuanbao၊ Dou Yu၊ Feishu၊ Safe X နဲ့ Litmatch စတဲ့ တရုတ်လူမျိုးတွေ အသုံးများတဲ့ မိတ်ဆွေဖွဲ့နဲ့ ဆက်သွယ်ရေးအက်ပလီကေးရှင်းတွေကတစ်ဆင့် ငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်အုပ်စုက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။

 

နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီ ၁၅ မိနစ်ခန့်ကလည်း ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဝမ်ဆန့်ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၃,၄၀၀ ခန့်အကွာမှာရှိတဲ့ အလုပ်ရုံနဲ့တွဲလျက် ယာယီလူနေတဲတစ်လုံး၊ စားချက်ဆောင်တစ်လုံးတို့ကို စစ်အုပ်စုတာဝန်ရှိသူတွေ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိသူတွေနဲ့အတူ မောင်းပြန်သေနတ် ၃ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်အပြင် လုပ်ငန်းသုံးပစ္စည်းတွေအဖြစ် Starlink Gen3 စက် ၂ လုံး၊ All-in-One ကွန်ပျူတာ ၁ လုံး၊ ဖုန်းအမျိုးမျိုး ၃၇ လုံး၊ Router ၂ ခုနဲ့ Solar Battery ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

 

စစ်အုပ်စုဟာ ဖမ်းဆီးရမိသူတွေကို စစ်ဆေးပြီးပါက တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်၊ နောက်ကွယ်က ပါဝင်ပတ်သက်သူတွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒါပေမဲ့ ဖမ်းဆီးထားသူတွေကို ဘယ်လိုထိန်းသိမ်းထားတယ်၊ ဘယ်ဥပဒေပုဒ်မတွေနဲ့ အရေးယူထားတယ်ဆိုတာကိုတော့ ဒီနေ့အထိ တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။