ပဲခူးမှာ ဆိုင်ကယ်နောက်လိုက်စီးလာတဲ့ အသက် ၇၂ နှစ်အရွယ် အမျိုးသား နေပူရှိန်ကြောင့် မူးလဲသေဆုံး

Author CJ Platform
Categories
Published on Nov 18, 2026

ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ဟင်္သာကုန်းရပ်ကွက် မြို့ပတ်လမ်းမှာ မနေ့က ညနေ ၃ နာရီခွဲခန့်က နေပူရှိန်ကြောင့် အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး မူးလဲကျပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ညနေက ဟင်္သာကုန်းဘုရားအနီးမှာ ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာတဲ့ အဘိုးအိုတစ်ဦးဟာ နေအပူရှိန်ကြောင့် မူးဝေပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တပ်မ ၇၇ ဘက်ကနေ မောင်းလာတဲ့ ဆိုင်ကယ်ပါ။ ပြုတ်ကျတာက ဟင်္သာကုန်းဘုရားနားမှာ။ နေအပူရှိန်ကြောင့် ဆိုင်ကယ်ပေါ်ကနေ မူးလဲပြီး ပြုတ်ကျသေတာ။ သေတဲ့အဘကြီးက အသက် ၇၀ ကျော်ပြီ။ ဆီးချိုရောဂါအခံလည်းရှိတော့ နေပူရှိန်ဒဏ်ကို မခံနိုင်တော့ဘဲ မူးပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျတာ” လို့ သူက ပြောပါတယ်။

 

သေဆုံးသူဟာ ဟင်္သာကုန်းရပ်ကွက်၊ ပြည်တော်အေးဘုရားလမ်းမှာ နေထိုင်တဲ့ အသက် ၇၂ နှစ်အရွယ် ဦးအုန်းလှိုင်ဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

 

လူမှုကူညီရေးအဖွဲ့တွေက ဦးအုန်းလှိုင်ရဲ့ ရုပ်အလောင်းကို ပဲခူးမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်ကလည်း တောင်ငူမြို့ ကွန်ပျူတာတက္ကသိုလ်ရှေ့မှာ နေပူထဲက ပြန်လာတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သတိလစ်လဲကျခဲ့တာကြောင့် လူမှုကူညီရေးအသင်းတွေက တောင်ငူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပါတယ်။

 

မြန်မာနိုင်ငံမှာ နေပူရှိန်ကြောင့် အောက်တိုဘာ ၇ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်အထိ ကျောက်တံတား၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ သထုံ၊ မော်လမြိုင်၊ တောင်ငူနဲ့ ပဲခူးတို့မှာ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။