၁၁နှစ်ကြာ မြက်ခင်းစိမ်းတွေကို ကျောခိုင်းခဲ့သူ ကွင်းလယ်မှော်ဆရာ ရော်နယ်ဒင်ဟို ပြန်လာပြီ
ဘရာဇီးဂန္ထဝင်ဘောလုံးသမား ရော်နယ်ဒင်ဟိုဟာ အသက် ၄၆ နှစ်အရွယ်မှာ ၁၁ နှစ်ကျော်ကြာ အနားယူထားတဲ့ ဘောလုံးကွင်းထဲကို ပြန်လည်ဝင်ရောက်လာပြီး အီတလီတတိယတန်းကလပ် Ravenna အသင်းအတွက် ပထမဆုံးပြိုင်ပွဲဝင်ပွဲစဉ်အဖြစ် Forli အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ ရက်က အီတလီနိုင်ငံ Ravenna မြို့ရှိ Stadio Bruno Benelli ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ရော်နယ်ဒင်ဟိုဟာ ကျောနံပါတ် ၁၀ ဝတ်ဆင်ပြီး Ravenna အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ပွဲချိန် ပထမပိုင်း ၄၅ မိနစ်လုံး ကစားခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ ပွဲချိန် ၃၆ မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုးရရှိစေခဲ့တဲ့ တိုက်စစ်ဆင်မှုမှာ ပါဝင်ကူညီခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုက ပြိုင်ဘက်နောက်ခံလူကို ထိန်းကစားပြီး ဘောလုံးပေးပို့ခဲ့ရာကတစ်ဆင့် လီယိုနာဒို လိုနာဒီက ဂျူလီယို ဒိုနာတီထံ ဆက်လက်ပေးပို့ခဲ့ပြီး ဒိုနာတီက အဝေးကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒင်ဟိုဟာ ပထမပိုင်းအပြီး လူစားလဲခံခဲ့ရပြီး ကွင်းအတွင်း လှည့်လည်နှုတ်ဆက်ချိန်မှာ ပရိသတ်တွေက မတ်တတ်ရပ်ပြီး လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။ အဲဒီပွဲမှာ Ravenna အသင်းက Forli အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၈ မိနစ်မှာ ဆီမိုနီ ရာဘီက ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုဟာ နောက်ဆုံးအကြိမ် ပရော်ဖက်ရှင်နယ်ဘောလုံးပွဲအဖြစ် ဘရာဇီးကလပ် Fluminense အသင်းအတွက် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ ပါဝင်ကစားခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဘောလုံးသမားဘဝက တရားဝင်အနားယူကြောင်း ကြေညာခဲ့တာပါ။
အခုလို ဘောလုံးကွင်းထဲ ပြန်လည်ကစားခွင့်ရခဲ့တဲ့အပေါ် ရော်နယ်ဒင်ဟိုက Sky Sport Italia နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အသင်းဖော်တွေနဲ့အတူ အဝတ်လဲခန်းအတွင်း ပြင်ဆင်မှုတွေပြုလုပ်ပြီး ပြန်လည်ကစားခွင့်ရခဲ့တာဟာ အလွန်ပျော်ရွှင်စရာကောင်းကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သူ့ကို ငယ်စဉ်ကတည်းက ကြည့်ရှုအားပေးခဲ့ကြတဲ့ ကစားသမားတွေနဲ့အတူ ပြန်လည်ကစားခွင့်ရတာကိုလည်း ဝမ်းသာကြောင်း ပြောဆိုခဲ့ပါတယ်။ Ravenna အသင်းအတွက် နောက်ထပ်ပွဲစဉ်တွေမှာ ပါဝင်ကစားဦးမလားဆိုတဲ့ မေးခွန်းကိုတော့ အသင်းဥက္ကဋ္ဌက ခေါ်ယူမယ်ဆိုရင် ပြန်ကစားပေးမယ်လို့ ဖြေကြားခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့သလို ၂၀၀၅ ခုနှစ်မှာ Ballon d’Or ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းနဲ့အတူ ၂၀၀၆ ခုနှစ် UEFA Champions League ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အေစီမီလန်အသင်းမှာလည်း ကစားခဲ့ဖူးပါတယ်။
