ကုန်ကားမှောက်ပြီး လက်ဆုံးရှုံးလိုက်ရာကနေ လမ်းဘေးမှာ တောင်းရမ်းစားသောက်သူအဖြစ် နေထိုင်ခဲ့ရသူ ဘွဲ့ရပရဟိတကျောင်းဆရာကို တောင်ပုလဆရာတော်က အလုပ်ပေးမယ်
မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက် ကုန်ကားမောင်းရင်း ကားမှောက်ကာ ညာဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ပြီး လမ်းဘေးမှာ တောင်းရမ်းစားသောက်နေရတဲ့ ဘွဲ့ရပရဟိတဆရာ ကိုကျော်ဝင်းထွန်းကို အလုပ်အကိုင်ရရှိရေးအတွက် တောင်ပုလဆရာတော်က ကူညီပေးသွားမယ်လို့ သိရပါတယ်။
ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် မိခင်ဖြစ်သူနဲ့အတူ ဘဝကို ရုန်းကန်ခဲ့ရတဲ့ ကိုကျော်ဝင်းထွန်းဟာ ၂၀၁၇ ခုနှစ်မှာ BSc (သင်္ချာ) ဘွဲ့ ရရှိခဲ့ပါတယ်။
ဘွဲ့ရပြီးနောက် နှလုံးရောဂါနဲ့ ဆီးချိုရောဂါခံစားနေရတဲ့ မိခင်ဖြစ်သူအတွက် ဆေးဖိုးရှာဖို့ ကုန်ကားမောင်းခဲ့သလို ရှမ်းပြည်နယ်ဘက်ကို ရောက်ရှိချိန်တွေမှာလည်း ဒေသခံကလေးငယ်တွေရဲ့ ပညာရေးအတွက် စာသင်ပေးခဲ့သူဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“၂၀၁၉ ကနေ ၂၀၂၂ အထိ သူ့ကို ပရဟိတဆရာလေးလို့ သိကြတယ်။ သူကားမှောက်ပြီးနောက် ကုန်ကားပိလို့ ညာဘက်လက်တစ်ဖက် ဖြတ်လိုက်ရတယ်။ သားကားမှောက်တဲ့သတင်းကြားပြီး သူ့အမေလည်း စိတ်သောကနဲ့ ဆုံးသွားတယ်” လို့ ပြောပါတယ်။
မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက် ကုန်ကားမောင်းပြီး ဆေးဖိုးရှာနေတဲ့ ကိုကျော်ဝင်းထွန်းဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ရှမ်းပြည်နယ်ဘက်မှာ ကားမှောက်ခဲ့တာကြောင့် ညာဘက်လက်တစ်ဖက် ဖြတ်တောက်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ရန်ကုန်မြို့မှာ တောင်းရမ်းစားသောက်နေတဲ့ ကိုကျော်ဝင်းထွန်းရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက် ဖျော်ဖြေရေးမီဒီယာတွေက မေးမြန်းခဲ့ရာမှာ သူက အခုလို ပြောဆိုခဲ့ပါတယ်။
“ကျွန်တော် အလုပ်တွေအများကြီး ရှာခဲ့ပေမဲ့ မသန်စွမ်းသူဖြစ်နေတာကြောင့် ကျွန်တော့်ကို ဘယ်သူမှ အလုပ်မခန့်ကြတော့ဘူး။ အလုပ်လည်းမရှိ၊ နေစရာလည်းမရှိနဲ့ နောက်ဆုံး လမ်းဘေးရောက်ခဲ့ရတယ်။ တောင်းစားတဲ့အထိပါ ဖြစ်သွားတယ်။ ကျွန်တော့်စိတ်ဆန္ဒက ကလေးတွေကို စာသင်ပေးချင်တာပါ” လို့ ကိုကျော်ဝင်းထွန်းက ပြောပါတယ်။
ဒီအကြောင်းအရာကို ကြားသိရတဲ့ ပြင်ဦးလွင်မြို့နယ် တောင်ပုလဆရာတော်က ရန်ကုန်မြို့ကို လာရောက်ပြီး ကိုကျော်ဝင်းထွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ဆရာတော်ရဲ့ကျောင်းမှာ အလုပ်အကိုင်ပေးဖို့ ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
