ညီညွတ်ရေးတည်ဆောက်နိုင်မှ တော်လှန်ရေးအောင်မြင်မည်ဖြစ်ပြီး၊ အကွဲအပြဲနှင့် နောက်ထပ် ဆယ်နှစ်ထိလည်း တော်လှန်ရေးမအောင်မြင်နိုင်ကြောင်း BPLA တာ၀န်ခံပြောကြား

Author လင်းခိုင်
Categories
Published on Nov 11, 2022

ညီညွတ်ရေးတည်ဆောက်နိုင်မှ တော်လှန်ရေးအောင်မြင်နိုင်မည်ဖြစ်ပြီး အကွဲအပြဲနှင့် နောက်ထပ် ဆယ်နှစ်ထိလည်း တော်လှန်ရေးမအောင်မြင်နိုင်ကြောင်း၊ ဗမာပြည်လွတ်မြောက်ရေးတပ်တော်( BPLA) ၏ တာ၀န်ခံနှင့် တည်ထောင်သူ ဖြစ်သူ မောင်ဆောင်းခက ယင်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ယနေ့တွင် ရေးသားထားသည်။

“ဦးဆောင်ပါ၀င်နေတဲ့သူတွေက ညီညွတ်ရေးကို အမှန်တကယ်လိုချင်မှပဲ ညီညွတ်ရေးကလည်း ရနိုင်မယ်ထင်တယ်။ သေချာတာတစ်ခုကတော့ ညီညွတ်ရေးကို လုပ်ဆောင်နိုင်မှပဲ တော်လှန်ရေး အောင်မြင်လိမ့်မယ်။ အခုလက်ရှိ ပုံစံတည်ဆောက်ပုံ၊ အကွဲအပြဲနဲ့တော့ ၂၀၂၃ မပြောနဲ့ နောက်ထပ် ဆယ်နှစ်ထိလည်း ဒီတော်လှန်ရေးကြီးမအောင်မြင်နိုင်ဘူး” ဟု မောင်ဆောင်းခက ဆိုသည်။

နို၀င်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၀င်များ သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာရှိ ပြည်သူများထဲမှ သွေးအိုင်ထဲ လဲကျနေသည့် အသက် ၈၀ အရွယ် အမေအို တစ်ဦးရုပ်အလောင်းကို တွေ့ရသည့်အတွက် ခံပြင်းနာကျည်းမိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများကိုပါ လူမဆန်စွာ သတ်ဖြတ်နေမှုသည် သူ့သက်တမ်းတစ်လျှောက်လုံးဖြစ်ကြောင်း ယင်းက လူမှုကွန်ယက်စာမျက်နှာ၌ ဆက်လက်ရေးသားထားသည်။

ယုတ်မာရက်စက်သည့် ရန်သူကို တော်လှန်ဖို့ လုပ်ရာတွင် အခုမှ လက်နက်ကိုင်တော်လှန်ရေးကို စလုပ်ကြသည့် အုပ်စုအချင်းချင်း မညီညွတ်နိုင်သည်ကို တွေ့ရသည့်အတွက် ၀မ်းနည်းရကြောင်း၊ ညီညွတ်ရေးလို့ဆိုလိုက်ပါက အညာဒေသတွင် ကောင်လှိုင်းစီးသလို လုံးထွေးပြီး အတင်းဆွဲချည်ခြင်းမျိုးသည် ရေရှည်ခံလေ့မရှိကြောင်း မောင်းဆောင်းခက ဆက်လက်ပြောကြားသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာရှင်ကို တွန်းလှန်ရန် ဗမာပြည်လွတ်မြောက်ရေးတပ်တော်(BPLA) ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် ၄ ထိပြီးမြောက်ပြီဖြစ်ကြောင်းလည်း သိရသည်။

အောက်တိုဘာ ၂၇ ရက်တွင် BPLA နှင့် NUG တို့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး၊ စစ်ရေးနှင့် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှုနှင့် အတူ လက်တွဲဆောင်ရွက်ရန်ကိုလည်း သဘောတူညီချက်ရရှိခဲ့သည်။

ဓာတ်ပုံ- BPLA
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #BPLA #မောင်ဆောင်းခ #ညီညွတ်ရေး #နွေဦးတော်လှန်ရေး