Scarlet Heart Thailand ဇာတ်လမ်းတွဲက ဝတ်စုံနဲ့ အကတွေ မြန်မာ့ကုန်းဘောင်ခေတ် ယဉ်ကျေးမှုနဲ့ ဆင်တူနေလို့ ရှင်းလင်းချက်တောင်းဆို

Author CJ Platform
Categories
Published on Oct 23, 2026

ထိုင်းနိုင်ငံက GMMTV အနုပညာကုမ္ပဏီ ထုတ်လုပ်ထားတဲ့ “Scarlet Heart Thailand” ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ရိုးရာဝတ်စုံတွေနဲ့ အကဖျော်ဖြေမှုတွေဟာ မြန်မာ့ကုန်းဘောင်ခေတ်နဲ့ ရတနာပုံခေတ် နန်းတွင်းဝတ်စုံတွေ၊ မြန်မာ့ရိုးရာဆီမီးခွက်အကတို့နဲ့ ဆင်တူနေတယ်ဆိုပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

 

ဒါကြောင့် ဇာတ်လမ်းတွဲထုတ်လုပ်ရေးအဖွဲ့အနေနဲ့ တရားဝင်ရှင်းလင်းချက် ထုတ်ပြန်ပေးဖို့ မြန်မာပရိသတ်တွေက တောင်းဆိုနေကြပါတယ်။

 

ဇာတ်လမ်းတွဲရဲ့ နမူနာဗီဒီယို (Official Trailer) နဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် အခုလို ဝေဖန်မှုတွေ စတင်လာတာဖြစ်ပါတယ်။ 

 

အမျိုးသမီးဇာတ်ကောင်တချို့ ဝတ်ဆင်ထားတဲ့ ဝတ်စုံတွေမှာ မြန်မာ့ရိုးရာထိုင်မသိမ်းအင်္ကျီ၊ လက်ဖောင်းအင်္ကျီပုံစံတွေနဲ့ နန်းတွင်းဝတ်စုံတွေကို ဆင်တူနေတာ တွေ့ရတယ်လို့ ပရိသတ်တွေက ထောက်ပြကြပါတယ်။

 

ဒါ့အပြင် ဇာတ်ဝင်ခန်းတချို့မှာ ပါဝင်တဲ့ အကဖျော်ဖြေမှုတွေဟာလည်း မြန်မာ့ရိုးရာဆီမီးခွက်အကနဲ့ ဆင်တူနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပြီး GMMTV ထုတ်လုပ်ရေးအဖွဲ့အနေနဲ့ အဲဒီဝတ်စုံနဲ့ အကတွေရဲ့ မူလယဉ်ကျေးမှုဇစ်မြစ်ကို တိတိကျကျ အသိအမှတ်ပြုဖော်ပြပေးဖို့နဲ့ ပြန်လည်စစ်ဆေးပြင်ဆင်ပေးဖို့ အွန်လိုင်းလက်မှတ်ကောက်ခံမှုတွေကိုလည်း အောက်တိုဘာ ၂၀ ရက်ကတည်းက စတင်ပြုလုပ်နေကြပါတယ်။

 

မြန်မာ့ရိုးရာဆီမီးခွက်အကဟာ ဗုဒ္ဓဘာသာဆိုင်ရာ ဆီမီးပူဇော်မှုနဲ့ ဆက်စပ်နေတဲ့ အနုပညာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယဆီမီးခွက်ယိမ်းအကမှာ အကဖျော်ဖြေသူတွေက လက်ဖဝါးပေါ်မှာ ဆီမီးခွက်တွေကို တင်ထားပြီး မီးမငြိမ်း၊ ဆီမဖိတ်အောင် ထိန်းသိမ်းရင်း ကိုယ်ဟန်အနေအထားနဲ့ လက်အကကွက်တွေကို ညီညီညာညာ ကပြလေ့ရှိပါတယ်။

 

ထိုင်းနိုင်ငံမြောက်ပိုင်း လန်နာယဉ်ကျေးမှုမှာလည်း မီးထွန်းထားတဲ့ ခွက်တွေကို ကိုင်ဆောင်ကပြတဲ့ ဖွန်းဖန်း (Fon Phang) အကနဲ့ ဖယောင်းတိုင်တွေကိုင်ပြီး ကပြတဲ့ ဖွန်းထီယန် (Fon Tian) အကတို့ ရှိနေပေမယ့် ဇာတ်လမ်းတွဲမှာ အသုံးပြုထားတဲ့ အကဟာ အဲဒီလန်နာရိုးရာအကတွေနဲ့ ကွာခြားပြီး မြန်မာ့ဆီမီးခွက်အကနဲ့ ပိုမိုဆင်တူနေတယ်လို့ မြန်မာပရိသတ်တွေက ထောက်ပြနေကြတာပါ။

 

အခုလို ယဉ်ကျေးမှုဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် GMMTV ဘက်ကတော့ ဒီကနေ့အထိ တရားဝင်ရှင်းလင်းချက် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

 

တစ်ဖက်မှာလည်း နိုဝင်ဘာ ၄ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ “Scarlet Heart Thailand The Grand Premiere” ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ သရုပ်ဆောင်တွေ ပါဝင်တဲ့ Live အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

 

တရုတ်စာရေးဆရာ Tong Hua ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ “Scarlet Heart Thailand” ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံက GMMTV နဲ့ Nar-ra-tor တို့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ 

 

ဇာတ်လမ်းတွဲမှာ ထိုင်းနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Win Metawin၊ Tu Tontawan၊ Perth Tanapon နဲ့ Nanon Korapat တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းရဲ့ နောက်ခံကိုတော့ စိတ်ကူးယဉ်အယ်လ်လာဝီမြို့မှာ အခြေတည်ထားတယ်လို့ သိရပါတယ်။

 

နိုင်ငံတကာပရိသတ်တွေ အများအပြား ကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတွဲမှာ မြန်မာ့ရိုးရာထိုင်မသိမ်းဝတ်စုံနဲ့ ဆီမီးခွက်အကတို့ကို ထိုင်းရိုးရာယဉ်ကျေးမှုအဖြစ် နားလည်မှားယွင်းသွားနိုင်တာကြောင့် မြန်မာပရိသတ်တွေက စိုးရိမ်မှု ရှိနေတာပါ။

 

ဒါကြောင့် အဲဒီဝတ်စုံနဲ့ အကတွေရဲ့ မူလယဉ်ကျေးမှုဇစ်မြစ်ကို ရှင်းလင်းဖော်ပြပေးဖို့နဲ့ တရားဝင်ရှင်းလင်းချက် ထုတ်ပြန်ပေးဖို့ ဆက်လက်တောင်းဆိုနေကြတာဖြစ်ပါတယ်။