တာချီလိတ်၊ မိုင်းကိုးဒေသက တရုတ်ခဲသတ္တုတွင်း အဆိပ်ရေစွန့်ထုတ်မှုကြောင့် ဒေသခံတွေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရ
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့မြောက်ဘက် ၁၅ ကီလိုမီတာခန့်အကွာ မိုင်းကိုးကျေးရွာအုပ်စုမှာရှိတဲ့ တရုတ်ပိုင် “စိန်နော်” ခဲသတ္တုတွင်းကနေ အဆိပ်အတောက်ပါဝင်တဲ့ စွန့်ပစ်ရေတွေကို နမ့်ဟုတ်မြစ်ရဲ့ လက်တက်ဖြစ်တဲ့ နမ့်တွန်းချောင်းအတွင်း တရားမဝင် စွန့်ထုတ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (Shan Human Rights Foundation – SHRF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေကြောင့် အခါ၊ လားဟူနဲ့ ရှမ်းတိုင်းရင်းသား ဒေသခံတွေဟာ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ဆိုင်ရာ ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ SHRF က ထောက်ပြထားပါတယ်။
အဲဒီဒေသမှာ စစ်အုပ်စု ထိန်းချုပ်မှုအောက်ကနေ ၂၀၂၁ ခုနှစ်မှာ ခဲသတ္တုတူးဖော်မှု စတင်ခဲ့တာဖြစ်ပြီး အရင်က မဂ္ဂနီးစ်သတ္တု တူးဖော်ခဲ့ရာကနေ လက်ရှိမှာ “စိန်နော် သတ္တုတူးဖော်ရေးကုမ္ပဏီ” က ခဲရိုင်းတွေကို အဓိကထား တူးဖော်နေတယ်လို့ သိရပါတယ်။ တူးဖော်ရရှိတဲ့ ခဲရိုင်းတွေကို မယ်ဆိုင်မြစ်ကူးတံတားအမှတ် ၂ ကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို ကုန်ကားကြီးတွေနဲ့ တင်ပို့နေတယ်လို့ SHRF က ဆိုပါတယ်။
စိန်နော်ကုမ္ပဏီဟာ တာချီလိတ်မြို့မှာ ရုံးချုပ်ဖွင့်လှစ်ထားပြီး ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ ပြည်တွင်းကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။
ကုမ္ပဏီရဲ့ ပထမဆုံး ဒါရိုက်တာဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အရာရှိတစ်ဦးဖြစ်တဲ့ အိုက်ကျင်းဖြစ်ပြီး လက်ရှိ မန်နေဂျင်းဒါရိုက်တာကတော့ အိုက်ကျင်းရဲ့ ဇနီးဟောင်း ရှမ်းအမျိုးသမီး နန်းသျှန်နော်ဖြစ်တယ်လို့ SHRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီကို ပြည်တွင်းကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားပေမဲ့ သတ္တုတွင်းရဲ့ စီမံခန့်ခွဲသူတွေနဲ့ နည်းပညာရှင်တွေဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ကုမ္ပဏီကို တရုတ်နိုင်ငံသားတွေက ပိုင်ဆိုင်တယ်လို့ အတွင်းသတင်းရင်းမြစ်တွေက ပြောဆိုကြောင်းလည်း SHRF က ဖော်ပြထားပါတယ်။
မိုးရာသီအတွင်း သတ္တုတွင်းက စွန့်ပစ်ရေကန်တွေ အကြိမ်ကြိမ်ပြိုကျခဲ့တာကြောင့် ရွှံ့နွံနဲ့ အနည်အနှစ်တွေဟာ ဟွေဆာကျေးရွာကို ဖြတ်ပြီး နမ့်တွန်းချောင်းအတွင်း စီးဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာ ချောင်းရေညစ်ညမ်းမှုကြောင့် ငါးနဲ့ ရေနေသတ္တဝါတွေ သေဆုံးတာ၊ ဒေသခံတွေ အရေပြားရောဂါတွေ ဖြစ်ပွားတာတို့အပြင် မွေးမြူရေးတိရစ္ဆာန်တွေပါ သေဆုံးမှုတွေ ရှိလာတယ်လို့ SHRF က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတစ်လတည်းမှာပဲ ပိုင်ရှင်တစ်ဦးတည်းရဲ့ ကျွဲ ၂၀ ကောင်အပါအဝင် ကျွဲ၊ နွားနဲ့ ဝက်တွေ ရုတ်တရက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒေသခံတွေမှာ ကိုယ်ဝန်ပျက်ကျမှုနဲ့ မွေးရာပါချို့ယွင်းချက်ရှိတဲ့ ကလေးငယ်တွေ မွေးဖွားမှု ပိုများလာတယ်လို့လည်း SHRF က ထောက်ပြထားပါတယ်။
သတ္တုတွင်းမှာ ခဲရိုင်းခွဲထုတ်ရာတွင် အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ၊ အထူးသဖြင့် xanthates လို့ခေါ်တဲ့ ဓာတုပစ္စည်းအုပ်စုနဲ့ ဆက်စပ်ပြီး ကာဗွန်ဒိုင်ဆာလ်ဖိုက် အဆိပ်ငွေ့တွေ ဖြစ်ပေါ်လာနိုင်ကာ ဒေသခံတွေ ရှူရှိုက်မိနေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မြေအောက်လိုဏ်ခေါင်း ပြိုကျမှုကြောင့် သတ္တုတွင်းလုပ်သား ၂၀ ခန့် သေဆုံးခဲ့ပေမဲ့ အဲဒီဖြစ်စဉ်ကို သတင်းဖုံးကွယ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြောင်း SHRF က ဖော်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာမှုလက်မှတ် (ECC) အရ သတ္တုတွင်းကို သတ်မှတ်ဧရိယာအတွင်းမှာသာ ဟင်းလင်းပွင့်တူးဖော်ခွင့်ပြုထားပေမဲ့ စိန်နော်ကုမ္ပဏီဟာ ခွင့်ပြုချက်ရထားတဲ့ ဧရိယာအပြင်ဘက်အထိ တိုးချဲ့ပြီး မြေအောက်လိုဏ်ခေါင်းတွေ တူးဖော်နေတယ်လို့ SHRF က စွပ်စွဲထားပါတယ်။
ကုမ္ပဏီဟာ ရေ၊ လေထုနဲ့ ဆူညံသံညစ်ညမ်းမှုတွေကို သိပ္ပံနည်းကျ စောင့်ကြည့်စစ်ဆေးဖို့၊ သက်ဆိုင်ရာဝန်ကြီးဌာနကို အစီရင်ခံစာတင်ပြဖို့နဲ့ အများပြည်သူကို ရလဒ်တွေ ထုတ်ပြန်ဖို့ ပျက်ကွက်နေတယ်လို့လည်း SHRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း သတ္တုတွင်းက ထွက်လာတဲ့ စွန့်ပစ်ရေတွေကို ကွန်ကရစ်ပိုက်လိုင်းကတစ်ဆင့် ဟွေဆာကျေးရွာအောက်ဘက် နမ့်တွန်းချောင်းအတွင်း ပုံမှန်တိတ်တဆိတ် စွန့်ထုတ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြောင်း SHRF က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေ တိုင်ကြားခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ပေမဲ့ စစ်ဆေးတွေ့ရှိချက်တွေကို တရားဝင်ထုတ်ပြန်တာ မရှိသေးဘူးလို့ SHRF က ဖော်ပြထားပါတယ်။
မိုင်းကိုးဒေသက ထွက်ရှိတဲ့ ခဲသတ္တုတွေကိုလည်း မယ်ဆိုင်အကောက်ခွန်စခန်းကတစ်ဆင့် ၂၀၂၃ ခုနှစ် ဇွန်လကစပြီး ထိုင်းနိုင်ငံဘက်ကို လစဉ်တင်သွင်းခဲ့ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ တန်ချိန် ၄,၀၀၀ နီးပါးအထိ ရောက်ရှိခဲ့တယ်လို့ SHRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – SHRF
