မင်းကင်းမှာ စစ်အုပ်စု လေကြောင်းဗုံးကြဲလို့ ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on Oct 22, 2026

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာက စာသင်ကျောင်းနဲ့ ဈေးဆိုင်တန်းအနီးကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီ ၁၁ မိနစ်ခန့်မှာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဘက်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၂ စင်းဟာ မင်းကင်းမြို့နယ် မြောက်ဘက် ၁၅ မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ အိမ်ခြေ ၁၀၀ ခန့်ရှိ မြောက်ချွန်းကျေးရွာကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

ဗုံးသီးတွေဟာ ဈေးဆိုင်တန်းနဲ့ စာသင်ကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ မြောက်ချွန်းကျေးရွာသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်နေတဲ့ ဈေးဆိုင်ကို ထဲထဲကျတာ။ ကလေးတစ်ယောက်ကတော့ လက်ဖြတ်ရမယ်ထင်တယ်။ နယ်မှာ အဆင်မပြေလို့ မြို့ပေါ်သွားကုနေကြတယ်။ ရွာထဲ စာသင်ကျောင်းဘေးကျတာ။ ချတာတော့ စာသင်ကျောင်းကို ကျတာဖြစ်မယ်။ ကျောင်းက သီတင်းကျွတ် ကျောင်းပိတ်ထားတာ” လို့ သူက ပြောပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း အရပ်သား ၈ ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

ဒဏ်ရာရသူတွေထဲက ၃ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ဒေသတွင်းမှာ ဆေးကုသဖို့ အဆင်မပြေတဲ့အတွက် မြို့ပေါ်ကို အရေးပေါ် ပို့ဆောင်ကုသနေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းကလည်း မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဘက်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ အသေခံဒရုန်းတွေက ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ်ဘေးက ကွမ်းခြံကျေးရွာကို ဝေဟင်ကနေ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။