ကော့ကရိတ်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်၊ ကြက်သွန်နီတစ်ပိဿာ ကျပ် ၁၅,၀၀၀ အထိ ရှိလာ

Author CJ Platform
Categories
Published on Oct 22, 2026

ကရင်ပြည်၊ ကော့ကရိတ်မြို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ကြက်သွန်နီဈေးနှုန်းက အရင်ကထက် သိသိသာသာ မြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေထဲမှာ ကြက်သွန်နီဈေးနှုန်း အမြင့်ဆုံးမြင့်တက်နေတယ်လို့ ကော့ကရိတ်တောင်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ကုန်ဈေးနှုန်းတွေအကုန်တက်တယ်။ ကြက်သွန်နီဈေးတက်တာ အများဆုံးပဲ။ အရင်က တစ်ပိဿာကို ၈,၀၀၀ ပဲ။ အခုက ၁၄,၀၀၀၊ ၁၅,၀၀၀ အဲဒီလိုတွေ ဖြစ်ကုန်ပြီ။ တော်ကြာ ကြက်သွန်နီတောင် မစားရဲတော့ဘူး။ မြို့မှာ ကိုယ်တိုင်သွားမဝယ်ရဲတော့ သူများပြန်လာရောင်းတဲ့အတိုင်း ဝယ်ရတာပေါ့” လို့ သူက ပြောပါတယ်။

 

ကော့ကရိတ်မြို့ကို ဈေးဝယ်ဖို့ သွားရာမှာ ကမိုင်ကုန်းရွာအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ရဲ့ နေရာကို ဖြတ်သန်းသွားလာရတာကြောင့် ဒေသခံအများစုဟာ မြို့ပေါ်ကို ကိုယ်တိုင်ဈေးသွားဝယ်ဖို့ စိုးရိမ်နေကြပါတယ်။

 

“ကိုယ်တိုင်ကလည်း ဈေးသွားမဝယ်ရဲဘူး။ ကုန်ဈေးနှုန်းကလည်း တက်ပြီးရင် ပြန်မကျတော့ဘူး။ ဒီလိုဆက်သွားနေရင် ဘယ်လိုလုပ်ရတော့မယ် မသိတော့ဘူး” လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ ကော့ကရိတ်မြို့တောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ညတိုင်းလိုလို ပစ်ခတ်လေ့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

CJ