ဧရာဝတီတိုင်းမှာ ပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ် ၆၅ သိန်းအထိ ဈေးမြင့်လာ ၊ အယ်နီညိုကြောင့် နွေစပါးအဆုံးရှုံးများနိုင်လို့ တောင်သူတွေ စျေးကိုင်နိုင်ဖို့လို

Author CJ Platform
Categories
Published on Oct 19, 2026

ဧရာဝတီတိုင်းမှာ စပါးအမျိုးအစားအလိုက် တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ ကနေ ၆၅ သိန်းအထိ ဈေးရှိနေပြီး ဆန် ၁၀၅ ပေါင်တစ်အိတ်ကို ကျပ် ၇၈,၀၀၀ ကနေ ၂၁၅,၀၀၀ အထိ ရှိနေတယ်လို့ ဈေးကွက်အချက်အလက်တွေအရ သိရပါတယ်။

 

အောက်တိုဘာ ၁၉ ရက် ဈေးကွက်ပေါက်ဈေးတွေအရ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ စက်အထိုင်ဈေးအဖြစ် ဆင်းသုခ၊ မနောသုခ၊ မျိုးပွားနဲ့ ပဲခူးစိန်စပါးမျိုးတွေကို သန့်စင်ပြီး အခြောက်စပါး တစ်တင်း ကျပ် ၂၄,၇၀၀၊ တင်း ၁၀၀ ကို ကျပ် ၂၄ သိန်း ၇ သောင်းနဲ့ အရောင်းအဝယ်လုပ်နေကြတယ်လို့ သိရပါတယ်။

 

အဲဒီဈေးနှုန်းဟာ တစ်တင်းကို ၅၀ ပေါင်ရှိပြီး အစိုဓာတ် ၁၄ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအောက်ရှိတဲ့ စပါးအတွက်ဖြစ်ပါတယ်။ အစိုဓာတ် ၂၅ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းအထိရှိပြီး တစ်တင်းကို ၅၅ ပေါင်ရှိတဲ့ စပါးအစိုကိုတော့ တစ်တင်း ကျပ် ၂၂,၈၀၀၊ တင်း ၁၀၀ ကို ကျပ် ၂၂ သိန်း ၈ သောင်းနဲ့ ကုန်သည်တွေက ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

 

ဧရာဝတီတိုင်းမှာ စပါးအမျိုးအစားအလိုက် တင်း ၁၀၀ ဈေးနှုန်းတွေကတော့ ရေကြည်ပေါ်ဆန်း ကျပ် ၆၅ သိန်း၊ ဧရာဝတီပေါ်ဆန်း (ပုသိမ်) ကျပ် ၅၅ သိန်း၊ ပေါ်ဆန်းရင် ကျပ် ၅၀ သိန်း၊ တောင်ကြီးပေါ်ဆန်း ကျပ် ၄၃ သိန်းနဲ့ တောင်ပျံပေါ်ဆန်း ကျပ် ၅၅ သိန်း ရှိနေပါတယ်။

 

အခြားစပါးအမျိုးအစားတွေဖြစ်တဲ့ ရက် ၉၀ စပါးက တင်း ၁၀၀ ကို ကျပ် ၃၀ သိန်း၊ ရေဆင်းသီးထပ် ကျပ် ၂၅ သိန်း၊ ပခန်း ကျပ် ၃၀ သိန်း၊ GW-11 ကျပ် ၂၅ သိန်း၊ ကောက်ညှင်း ကျပ် ၂၀ သိန်း၊ သုခမျိုးပွား ကျပ် ၂၇ သိန်း၊ ရက် ၁၀၀ စပါး ကျပ် ၂၅ သိန်းနဲ့ မိုးသုခ ကျပ် ၂၂ သိန်း ရှိနေတယ်လို့ သိရပါတယ်။

 

ဆန်ဈေးနှုန်းတွေအနေနဲ့ ၁၀၅ ပေါင်တစ်အိတ်ကို ရေကြည်ပေါ်ဆန်း ကျပ် ၂၁၀,၀၀၀ ကနေ ၂၁၅,၀၀၀၊ ဧရာဝတီပေါ်ဆန်း (ပုသိမ်) ကျပ် ၁၈၀,၀၀၀ ကနေ ၁၈၅,၀၀၀၊ ပေါ်ဆန်းရင် ကျပ် ၁၇၀,၀၀၀ ကနေ ၁၇၅,၀၀၀ နဲ့ တောင်ကြီးပေါ်ဆန်း ကျပ် ၁၅၅,၀၀၀ ကနေ ၁၅၈,၀၀၀ အထိ ရှိနေပါတယ်။

 

တောင်ပျံပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၈၀,၀၀၀ ကနေ ၁၈၅,၀၀၀၊ ရက် ၉၀ ဆန် ကျပ် ၁၀၅,၀၀၀ ကနေ ၁၁၀,၀၀၀၊ ရေဆင်းသီးထပ်ဆန် ကျပ် ၉၀,၀၀၀ ကနေ ၉၅,၀၀၀၊ ပခန်းဆန် ကျပ် ၁၀၅,၀၀၀ ကနေ ၁၁၀,၀၀၀ နဲ့ ကောက်ညှင်းဆန် ကျပ် ၈၀,၀၀၀ ကနေ ၈၃,၀၀၀ အထိ ဈေးရှိနေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် သုခမျိုးပွားဆန်တစ်အိတ်ကို ကျပ် ၈၈,၀၀၀ ကနေ ၉၀,၀၀၀၊ ရက် ၁၀၀ ဆန် ကျပ် ၉၀,၀၀၀ ကနေ ၉၅,၀၀၀ နဲ့ မိုးသုခဆန် ကျပ် ၇၈,၀၀၀ ကနေ ၈၀,၀၀၀ အထိ ရှိနေတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်ကို ပြည်ပနိုင်ငံတွေထံ တန်ချိန် ၃ သန်းခန့် တင်ပို့နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

 

စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမယ့်နွေစပါးစိုက်ပျိုးမှုကို ထိခိုက်နိုင်ပြီး စပါးအထွက်နှုန်းလည်း လျော့နည်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် တောင်သူတွေအနေနဲ့ မိုးစပါးကို အလျင်စလို မရောင်းချဘဲ ဈေးကွက်အခြေအနေကို စောင့်ကြည့်ပြီးမှ ရောင်းချဖို့ လိုအပ်နေပါတယ်။

 

ဒါ့အပြင် စက်သုံးဆီရှားပါး စျေးနှုန်းမြင့်တက်မှုနဲ့ အယ်နီညိုကြောင့် ရေအရင်းမြစ်ရှားပါးမှုတွေကြောင့် တောင်သူတွေမှာ ဆိုလာ ရေတင်စက်တွေကို ပြောင်းလဲ အသုံးပြုလာနေပေမယ့် ဒါဟာ တိကျတဲ့ စမ်းသပ်မှုတွေ မရှိသေးတာကြောင့် စူပါအယ်နီညိုကို ရင်ဆိုင်ပြီး သီးနှံစိုက်ပျိုးနိုင်ဖို့ တောင်သူတွေမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်