စစ်ကိုင်းမှာ အုပ်ချုပ်ရေးမှူးရဲ့သား လိုင်စင်မဲ့ကားနဲ့ ကားတိုက်မှုဖြစ်ပြီး လူသေဆုံး၊ ကျပ်သိန်း ၅၀၀ ပေးပြီး အမှုဖုံးဖိဖို့ ကြိုးပမ်းနေ
စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်ဇော်ရဲ့သားဖြစ်သူ ပြည်သူ့စစ် (ပသစ) အောင်ဇော် မောင်းနှင်တဲ့ လိုင်စင်မဲ့ကားနဲ့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖြစ်စဉ်နောက်ပိုင်း သေဆုံးသူမိသားစုကို ငွေကျပ်သိန်း ၅၀၀ ပေးပြီး အမှုကို ဖုံးဖိဖို့ ကြိုးပမ်းနေတယ်လို့ မြို့ခံသုံးဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဖြစ်စဉ်ဟာ အောက်တိုဘာ ၁၃ ရက် ည ၇ နာရီခန့်က စစ်ကိုင်းမြို့၊ တပ်မ ၃၃ အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အောင်ဇော် မောင်းနှင်လာတဲ့ လိုင်စင်မဲ့ကားနဲ့ တိုက်မိခဲ့တဲ့ အရပ်သားတစ်ဦးဟာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ရဲကလည်း အနည်းဆုံး သိန်း ၅၀၀ တော့ တောင်းလိမ့်မယ်။ လူသေမှု၊ ယာဉ်တိုက်မှု၊ Without ကား ၃ မှု ပါနေတာ” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်စေခဲ့သူ အောင်ဇော်ဟာ စစ်ကိုင်းမြို့မှာ လှုပ်ရှားနေတဲ့ ပြည်သူ့စစ်အုပ်စုဝင်တစ်ဦးဖြစ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပသစ အောင်ကျော်ကျော်ရဲ့ ညီဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ညီအစ်ကိုနှစ်ဦးဟာ ပြည်သူတွေဆီက ငွေကြေးကို အတင်းအကျပ် တောင်းခံသူတွေအဖြစ် မြို့ခံတွေကြားမှာ နာမည်ကြီးနေတယ်လို့လည်း ဆိုပါတယ်။
“အုပ်ကြီးရဲ့သားတွေပါ။ သူ့အဖေ အုပ်ချုပ်ရေးမှူးပြိုင်တုန်းကလည်း မနိုင်ရင် ပြိုင်တဲ့သူကို သတ်မယ်ဆိုပြီး ခြိမ်းခြောက်စာတွေ လိုင်းပေါ်တက်လာဖူးတဲ့ ညီအစ်ကိုတွေပါ” လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဆိုပါ ယာဉ်တိုက်မှု၊ လူသေဆုံးမှုနဲ့ လိုင်စင်မဲ့ကား မောင်းနှင်မှုတို့နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ အမှုကို ဖုံးဖိနိုင်ဖို့ သေဆုံးသူမိသားစုထံ ကျပ်သိန်း ၅၀၀ ပေးဖို့ ကြိုးပမ်းနေသလို ဖိအားပေးခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
