ရန်ကုန်မှာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းအတု ပြုလုပ်ပေးနေတဲ့  “သူဌေးမင်းဂိုဏ်း” ကို မှတ်ပုံတင်အတု ၁ သောင်းကျော်နဲ့အတူ ဖမ်းမိ

Author CJ Platform
Categories
Published on Oct 16, 2026

ရန်ကုန်မြို့မှာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းအတုတွေ ပြုလုပ်ရောင်းချနေတဲ့ “သူဌေးမင်းဂိုဏ်း” ကို စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်မှာ စတင်ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ဂိုဏ်းခေါင်းဆောင်အပါအဝင် လူ ၅ ဦးကို ဖမ်းမိခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးရှိ သန်းကြွယ်လက်ဖက်ရည်ဆိုင်မှာ အောက်တိုဘာ ၉ ရက်က ဂိုဏ်းဝင် ဒေါ်နုနုရင်ကို မှတ်ပုံတင်အတုနဲ့ သန်းခေါင်စာရင်းအတုတွေနဲ့အတူ ဖမ်းဆီးခဲ့ရာကနေ ဂိုဏ်းတစ်ခုလုံးကို ဖော်ထုတ်နိုင်ခဲ့တာလို့ လဝကရုံးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သူဌေးမင်းဂိုဏ်းဆိုတာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းအတုတွေလုပ်ပြီး ရောင်းစားရင်း ချမ်းသာသွားလို့ ပွဲစားလောကမှာ အဲဒီနာမည်ရလာတာ။ သင်္ဃန်းကျွန်းမှာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းအတု လာရောင်းရင်း ဖမ်းမိတာ၊ တစ်ယောက်မိရာကနေ တစ်ဂိုဏ်းလုံး ဖမ်းမိတာ” လို့ သူက ပြောပါတယ်။

 

ဒေါ်နုနုရင်ကို စစ်ဆေးမေးမြန်းရာက ရရှိတဲ့ ထွက်ဆိုချက်တွေအရ တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်နှင်းအိရွှေရည်နဲ့ မိခင်ဖြစ်သူ ဒေါ်ဝေဝေလွင်တို့ကို မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုတွေနဲ့အတူ ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီနောက် ဒေါ်ဝေဝေလွင်တို့ သားအမိနှစ်ဦးကို ဆက်လက်စစ်ဆေးရာကနေ တောင်ဥက္ကလာပမြို့နယ်၊ ကောလိယ ၂၇ လမ်းမှာ နေထိုင်တဲ့ ဦးဇော်ထွဋ်လူကို ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ တောင်ဥက္ကလာပမြို့မှ ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တောင်ဥက္ကလာမှာ မိတဲ့သူက မရမ်းကုန်းမှာနေတဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖော်လိုက်တာ။ မရမ်းကုန်းက အိမ်မှာပဲ လဝကရုံးတစ်ရုံးမှာ ရှိရမယ့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ မွေးစာရင်း၊ ပုံစံ ၁၀၊ အဝင်အထွက်တံဆိပ်တုံးတွေကို မိတာ။ လဝကရုံးကြီးထဲ ရောက်နေသလိုပဲ” လို့ သူက ပြောပါတယ်။

 

ဂိုဏ်းခေါင်းဆောင် ဦးမင်းသူရဦးကို မရမ်းကုန်းမြို့နယ် ၈ မိုင်မှာ ဖမ်းဆီးပြီးနောက် နေအိမ်ကို ရှာဖွေစစ်ဆေးရာမှာ သန်းခေါင်စာရင်း ၄၀၄ ရွက်၊ မှတ်ပုံတင် ၁၁,၈၂၂ ခု၊ UID ကတ် ၁၅ ခု၊ တံဆိပ်တုံးအတု ပြုလုပ်တဲ့စက်နဲ့ မြို့နယ်တံဆိပ်တုံးအတု ၅,၅၁၆ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်အရ အဲဒီဂိုဏ်းဟာ မှတ်ပုံတင်အတုတစ်ခုကို ကျပ် ၁ သိန်း၊ သန်းခေါင်စာရင်းအတုတစ်ခုကို ကျပ် ၈ သောင်းနှုန်းနဲ့ ရောင်းချခဲ့ပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးက ဘယ်မြို့နယ်အတွက်မဆို ပြုလုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လဝကရုံးက တိုက်ရိုက်လုပ်ပေးတဲ့ပုံစံမျိုးနဲ့ ဝယ်ယူသူတွေကို ယုံကြည်အောင် လှည့်ဖြားရောင်းချခဲ့တယ်လို့လည်း သူက ပြောပါတယ်။

 

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးရဲ့ အဆိုအရ ဦးမင်းသူရဦး၊ ဦးဇော်ထွဋ်လူ၊ ဒေါ်ရင်ရင်နု၊ ဒေါ်ဝေဝေလွင်နဲ့ မနှင်းအိရွှေရည်တို့ကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာ လဝကဥပဒေနဲ့အညီ စစ်ဆေးနေတယ်လို့ သိရပါတယ်။

 

အခုနှစ် ဇန်နဝါရီ ၁၄ ရက်ကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တို့မှာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းအတု ပြုလုပ်သူ ၄ ဦးကို မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ တံဆိပ်တုံးအတု ၅၀၀ ကျော်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – CJ