မီးပျက်မီးလာစနစ် ပုံမှန်မရှိတာကြောင့် ပြည်သူတွေ အရင်ကထက် ဒုက္ခပိုရောက်

Author CJ Platform
Categories
Published on Oct 13, 2026

စစ်အုပ်စုလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးနေချိန်မှာ မီးပျက်မီးလာချိန် ပုံမှန်မရှိတာကြောင့် အခြေခံလူတန်းစားတွေ အရင်ကထက် အခက်အခဲပိုများလာတယ်လို့ မြို့ခံတွေက CJ Platform ကို ပြောပါတယ်။

 

လှိုင်သာယာက အထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦးက မနက်အလုပ်သွားချိန် မီးပျက်တာကြောင့် ထမင်းဟင်းဝယ်စားရပြီး လစာနဲ့ မလောက်ငှတာတွေ ရှိလာတယ်လို့ ပြောပါတယ်။

 

မြောက်ဒဂုံမှာလည်း မနက် ၆ နာရီလာရမယ့်မီးက ၇ နာရီခွဲ၊ ၈ နာရီမှ လာတာကြောင့် ကျောင်းသွား၊ ရုံးသွားမယ့်သူတွေအတွက် ထမင်းချက်ဖို့ မီးသွေးဝယ်သုံးနေရတယ်လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။ မီးသွေးတစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်အထိ ပေးဝယ်ရတာကြောင့် တချို့နေ့တွေမှာ ကလေးတွေကို မုန့်ဖိုးတောင် မပေးနိုင်ဘူးလို့ ဆိုပါတယ်။

 

ရွှေပေါက်ကံမှာလည်း ညနေ ၅ နာရီလာရမယ့်မီးက ၆ နာရီခွဲ၊ ၇ နာရီမှ လာတာကြောင့် မီးသွေးဖိုးသက်သာအောင် မီးလာချိန်ကို စောင့်ရင်း မိသားစုလိုက် ထမင်းဝယ်စားရတဲ့အခါ ၇,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်အထိ ကုန်ကျတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

လျှပ်စစ်မီးကို အားကိုးလုပ်ကိုင်ရတဲ့ အသေးစားလုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။ သံပန်းတံခါးလုပ်ငန်းတစ်ခုမှာ သုံးရက်နဲ့ပြီးနိုင်တဲ့အလုပ်ကို မီးလာချိန်စောင့်လုပ်ရတာကြောင့် တစ်ပတ်ကနေ ၁၀ ရက်အထိ ကြာလာတယ်လို့ သံပန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

 

လှည်းကူးမှာလည်း မီးပျက်ချိန်ကြာတာကြောင့် ဝယ်ပြီးပြန်ရောင်းတဲ့ ရေခဲမုန့်တွေ အရည်ပျော်ဆုံးရှုံးခဲ့ရပြီး လတ်တလော ရောင်းချတာကို ရပ်ထားရတယ်လို့ ရေခဲမုန့်ရောင်းချသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ညဘက်မီးပျက်တာကြောင့် အပူဒဏ်ခံနေရတဲ့ ကျန်းမာရေးမကောင်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုအခက်တွေ့လာတယ်လို့ တောင်ဒဂုံမြို့ခံတစ်ဦးက ပြောပါတယ်။ လေဝင်လေထွက်ကောင်းအောင် တံခါးဖွင့်အိပ်ဖို့ကလည်း သူခိုးဓားပြရန်ကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

 

လျှပ်စစ်ဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်ကစပြီး အလှည့်ကျစနစ်နဲ့သာ မီးပေးမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် မီးလာချိန် ပုံမှန်မရှိတာကြောင့် နေ့စဉ်စားဝတ်နေရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ Platform