ရန်ကုန်နဲ့ တောင်ငူမှာ အပူရှပ်ပြီး အမျိုးသား ၂ ဦး သတိလစ်လဲကျလို့ ဆေးရုံပို့ဆောင်ထားရ

Author CJ Platform
Categories
Published on Oct 13, 2026

ရန်ကုန်မြို့နဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့တို့မှာ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းက အပူရှိန်ကြောင့် အမျိုးသား ၂ ဦး သတိလစ်လဲကျခဲ့ပြီး ဆေးရုံပို့ဆောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းအရောင်းဝင်းအတွင်းမှာ နေ့လယ် ၁၂ နာရီခန့်က အသက် ၆၀ အရွယ် ဦးစိုးဝင်း အပူရှပ်ပြီး သတိလစ်လဲကျခဲ့တာပါ။ သူ့ကို ခေမာအောင်လူမှုကူညီရေးအသင်းက အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အပူရှပ်ပြီးနောက် လေဖြတ်သွားတယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။

 

အလားတူ တောင်ငူမြို့ ကွန်ပျူတာတက္ကသိုလ်ရှေ့မှာ နေ့လယ် ၂ နာရီခွဲခန့်က အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး နေပူထဲက ပြန်လာချိန် သတိလစ်လဲကျခဲ့ပါတယ်။ သူ့ကို T.E.R.T လူမှုကူညီရေးအသင်းက တောင်ငူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းကလည်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းပေါ်မှာ အမျိုးသားတစ်ဦး အပူရှိန်ကြောင့် လဲကျသေဆုံးခဲ့ပါတယ်။

 

အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီခန့်ကလည်း ကျောက်တံတားမြို့နယ် အနော်ရထာလမ်းထိပ်မှာ အမျိုးသမီးကြီးတစ်ဦး အပူရှိန်ကြောင့် သတိလစ်လဲကျခဲ့ပြီး မီးသတ်တပ်ဖွဲ့က သာကေတမြို့နယ် နွယ်အေးရပ်ကွက်ရှိ နေအိမ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

အောက်တိုဘာ ၇ ရက်ကလည်း မွန်ပြည်၊ သထုံမြို့နယ် လိပ်အင်းရပ်ကွက် လေယာဉ်ကွင်းလမ်းမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦး နေအပူရှိန်ကြောင့် လဲကျသေဆုံးခဲ့ပါတယ်။

 

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ မကွေးနဲ့ ဘားအံမြို့တို့မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ပြီး မော်လမြိုင်၊ ရန်ကုန်၊ မုံရွာနဲ့ ထားဝယ်မြို့တို့မှာ ၃၅ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကူညီရေးအသင်း