Fact-Check|| ကျောက်တော်မှာ AA အစည်းအဝေး ဗုံးကြဲခံရပြီး ခေါင်းဆောင်တွေ သေဆုံးတယ်ဆိုတဲ့ သတင်းတု

Author CJ Platform
Categories
Published on Sep 24, 2026

ရခိုင်ပြည်၊ ကျောက်တော်မြို့မှာ ULA/AA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေတုန်း လေကြောင်းက ဗုံးကြဲလို့ ၂၉ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာ တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေပါတယ်ဗျာ။ ဒါပေမဲ့ မြေပြင်အချက်အလက်တွေကို စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီရက်စွဲနဲ့ ကျောက်တော်မှာ ဘာဗုံးကြဲမှုမှ မရှိခဲ့သလို ဖြစ်စဉ်တစ်ခုလုံးဟာ အခြေအမြစ်မရှိဘဲ လုပ်ကြံဖန်တီးထားတာကို တွေ့ရှိရပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး RPN (Rohingya Press Network) နဲ့ စစ်အုပ်စုလော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ “နယ်ပြည်တော်” နဲ့ “Truth Media” တို့မှာ ဓာတ်ပုံတွေနဲ့တကွ ဒီသတင်းကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်ဗျာ။ အဲဒီသတင်းမှာ ULA/AA တပ်ခေါင်းဆောင်တွေ အပါအဝင် ၂၉ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လုပ်ကြံ ရေးသားထားကြပါတယ်။

 

ဝါဒဖြန့် သတင်းတု – https://archive.ph/EV7ZM

 

ဒီသတင်းအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ ဝါဒဖြန့်သူတွေ သုံးထားတဲ့ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်က  ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်အဟောင်းက ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက ပျက်စီးသွားတာတွေဟာလဲ AA စခန်းတွေမဟုတ်ဘဲ အပြစ်မဲ့အရပ်သားတွေရဲ့ နေအိမ်တွေပဲ ဖြစ်ပါတယ်။

 

ဇွန်လ ၁၇ ရက် ဖြစ်စဉ်အကြောင်း Western News သတင်းဌာနရဲ့ သတင်းဖော်ပြချက် – https://www.facebook.com/share/p/1D99abzhHk/

 

ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဆိုတဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကျောက်တော်မြို့ပေါ်မှာ ရှိနေတဲ့ ဒေသခံတွေက ဘယ်လိုဗုံးကြဲသံမှ မကြားရသလို၊ မြို့ပေါ်မှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်တာမျိုး လုံးဝမရှိဘူးလို့ အတည်ပြုထားပါတယ်။

 

ကျောက်တော်ဒေသခံ အသက်၂၀ အရွယ် မခိုင်မာနွယ်က “စက်တင်ဘာ ၈ ရက်နိန့်က အကျွန် ကျောက်တော်သို ခရီးတခုနက် ရောက်လိုဟိမ့်ပါရေ။ ဗုံးကြဲပခရေ ဖြစ်စိုင်တိလေ့ မတွိခရပါ။ ဗုံးကြဲလိုက်တေ အသံကိုမကြားလိုက်ဆိုကေတောင် ကျောက်တော်မှာ ရုတ်ရုတ်သဲသဲဖြစ်သံတိ၊ ဒဏ်ရာရခရေ လူတိဟိမ့်ကေလည်း ကြားခရပါဖို။ အခုက ယင်းပိုင်ဖြစ်စိုင်တိကိုလည်း မကြားခရပါ။” လို့ အတည်ပြုထားပါတယ်။

 

အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်တွေမှာရော၊ မြေပြင်အခြေစိုက် သတင်းဌာနတွေမှာပါ စက်တင်ဘာလအတွင်း ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တစ်စုံတစ်ရာ ဖော်ပြထားတာ မတွေ့ရှိရပါဘူး။ ဒါအပြင် လေကြောင်းစောင့်ကြည့်သတိပေးတဲ့ ချန်နယ်တွေမှာလည်း စက်တင်ဘာ ၈ ရက်နေ့က လေကြောင်းသတိပေးချက် မရှိခဲ့ပါဘူး။

 

ကျောက်တော်မြို့က အသက် ၂၆ နှစ်အရွယ် မမြမြဝေက “စက်တင်ဘာ ၈ ရက်နိန့်က ကျောက်တော်မှာ ဗုံးကြဲပခရေ ဖြစ်စိုင်ကို မကြားမိပါ။ အကယ်လို ဗုံးကြဲပခကေ ကိုယ်ရိုရပ်ရွာအနီးချေမှာ မဟုတ်ကေတောင် လီယာဥ်နက်ချပခရေသတင်းတိကို ကြားရပါဖို။ အယင်အခေါက်တိက ကျောက်တော်မှာ ဗုံးကြဲခါက ဆိုကေ အကျွန်ရိုရွာဘက်တိကတောင် မနီနိုင်ပါ။ လီယာဥ်သံတိ၊ ဗုံးသံတိနက် အိမ်တိတောင် တုန်ပါ ပါရေ။ ယပြီးကေ တပ်ခေါင်းဆောင်တိပါလခရေ ဆိုစာလေ့ မဖြစ်နိုင်ပါ။” လို့ပြောပါတယ်။

 

ဒါဟာ မြေပြင်မှာ တကယ်မရှိတဲ့ ဖြစ်စဉ်ကို ဓာတ်ပုံအဟောင်းတွေ၊ အတည်ပြုလို့မရတဲ့ ကိန်းဂဏန်းတွေနဲ့ ရောနှောပြီး လူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုသာ ဖြစ်ပါတယ်။

 

ဒါ့ကြောင့်  ကျောက်တော်မှာ AA အစည်းအဝေး ဗုံးကြဲခံရပြီး ခေါင်းဆောင်တွေ သေဆုံးတယ် ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုသာ ဖြစ်ပါတယ်

 

အမှန်မှာ စက်တင်ဘာလ ၈ ရက်နေ့က ကျောက်တော်မြို့နယ်အတွင်းမှာ ဘာလေကြောင်းတိုက်ခိုက်မှုမှ မရှိခဲ့ပါဘူး။ ဒီသတင်းဟာ AA ခေါင်းဆောင်တွေ သေဆုံးကုန်ပြီဆိုပြီး အများပြည်သူ အထင်အမြင်လွဲမှားသွားအောင် တမင်ဖန်တီးထားတဲ့ သတင်းမှားသက်သက်သာ ဖြစ်ပါတယ်။

 

အခုလို တိုက်ပွဲသတင်းတွေနဲ့ ခေါင်းဆောင်တွေ သေဆုံးတယ်ဆိုတဲ့ သတင်းမျိုးတွေကို တွေ့ရင် ချက်ချင်းမယုံကြဖို့ လိုပါတယ်။ ဝါဒဖြန့်ချန်နယ်တွေဟာ ဓာတ်ပုံအဟောင်းတွေကို အမြဲတမ်း ပြန်သုံးပြီး လိမ်ညာတတ်တာကြောင့် ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ အရင်ဆုံး တိုက်ဆိုင်စစ်ဆေးကြဖို့

တိုက်တွန်းလိုပါတယ်။