Fact-Check|| ကိုယ်ဝန် ၉ လရှိ အမျိုးသမီးကို AA က မုဒိမ်းကျင့်တယ်ဆိုတဲ့ သတင်းတု
မြောက်ဦးမြို့နယ်မှာ မီးဖွားဖို့ ရက်ပိုင်းပဲလိုတော့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို AA အဖွဲ့ဝင်တွေက ဆေးကြောင်ပြီး မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ သတင်းဟာ တယ်လီဂရမ်ချန်နယ်တချို့မှာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေက ဖြန့်ဝေခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ အမျိုးသမီး အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်ဟာ အမှန်ဖြစ်ပေမဲ့ ကျူးလွန်သူဟာ AA အဖွဲ့ဝင်မဟုတ်ဘဲ တစ်ရွာတည်းနေ အရပ်သားတစ်ဦးသာ ဖြစ်နေတာကို တွေ့ရှိရပါတယ်။
“မှိုင်းဝေ” အမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်ကနေ Western News က ရေးသားထားတဲ့ သတင်းအမှန်ကို အသုံးချပြီး သက်သေအထောက်အထား ပြနိုင်ခြင်းမရှိလဲ သံယောင်လိုက်ကာ “မီးဖွားဖို့ ရက်ပိုင်းပဲလိုတော့တဲ့ ကိုယ်ဝန်သည် ရခိုင်အမျိုးသမီးကို AA အစွန်းရောက်အဖွဲ့က ဆေးကြောင်ပြီး မုဒိမ်းကျင့်မှု ကျူးလွန်ပြန်ပြီ” ဆိုပြီး ဝါဒဖြန့် ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီရေးသားချက်မှာ AA အဖွဲ့ကို အများပြည်သူ အထင်အမြင်လွဲမှားစေဖို့အတွက် ဖြစ်ရပ်မှန်ကို အသုံးချပြီး ပုံဖျက်ထားတာ တွေ့ရပါတယ်။
သတင်းတုလင့် – https://archive.ph/No4L7
ဒီဖြစ်စဉ်ကို မြေပြင်သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းကြည့်တဲ့အခါမှာ ဩဂုတ်လ ၁၇ ရက်နေ့ညက ပေါက်ပင်ကွင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ ကျူးလွန်သူဟာ အသက် ၃၆ နှစ်အရွယ် တစ်ရွာတည်းနေ အရပ်သား ဇော်မြင့်ထွန်း ဆိုသူပဲ ဖြစ်ပါတယ်။ သူဟာ AA အဖွဲ့ဝင် မဟုတ်သလို သာမန်အရပ်သားတစ်ဦးသာ ဖြစ်တယ်လို့ ကျေးရွာရပ်မိရပ်ဖတွေက အတည်ပြုထားပါတယ်။
DVB သတင်းဌာနကဖော်ပြထားတဲ့သတင်းမှာလည်း ကျူးလွန်သူကို ဓာတ်ပုံနဲ့ တကွဖော်ပြထားပြီး သတင်းဖော်ပြချက်အရ ကျူးလွန်သူဟာ တခြားဒေသက လာရောက်သူအရပ်သားဖြစ်ပြီး AA တပ်ဖွဲ့ဝင်မဟုတ်ပါဘူး။
DVB သတင်းဌာနရဲ့ ဖော်ပြချက် – https://burmese.dvb.no/post/594019
“ဟုတ်တေ။ ဖြစ်စဉ်ဖြစ်ခစော်တော့ ဟုတ်တေ။ ယကေလေ့ အစက နားလည်မှုရပနာ အမှုကျေအေးပြီးမှ သတင်းဌာနတိက သတင်းတိကတက်လာခါ ဇော်မြင့်ထွန်းကို DELPS က နောက်နိလာဖမ်းလားစော်။ သူက အေအေနက် တခုလေ့မဆိုင်ပါ။ သာမန် အရပ်သားယာ” လို့ ပေါက်ပင်ကွင်းကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက CJ Platform ကို ပြောပါတယ်။
အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ဇော်မြင့်ထွန်းကို အိမ်မှာ အရက်အတူသောက်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ အရက်မူးပြီ အိပ်ပျော်သွားတဲ့အချိန်မှာ ကိုဇော်မြင့်ထွန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာပါ။ ဒီဖြစ်စဉ်ဖြစ်ပြီးနောက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် AA ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) ကို အကြောင်းကြားခဲ့ပြီး လက်ရှိမှာတော့ DLEPS က ကျူးလွန်သူကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။
ဝါဒဖြန့်ချိသူတွေဟာ အရပ်သားတစ်ဦးက ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ခုကို အခွင့်ကောင်းယူပြီး AA အဖွဲ့က ကျူးလွန်သယောင် နာမည်ဖျက် ပုံဖျက်ထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် “ဆေးကြောင်နေတယ်” ဆိုတဲ့ အသုံးအနှုန်းမျိုးတွေဟာလည်း မြေပြင်က အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်တွေမှာ လုံးဝပါဝင်ခြင်း မရှိတဲ့ လုပ်ကြံချက်တွေသာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန် ၉ လရှိ အမျိုးသမီးကို AA က မုဒိမ်းကျင့်တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းတုသာ ဖြစ်ပါတယ်။
အမှန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူဟာ တစ်ရွာတည်းနေ အရပ်သားတစ်ဦးသာ ဖြစ်ပါတယ်။ ကျူးလွန်သူကိုလည်း AA ရဲ့ လုံခြုံရေးဌာနက ဖမ်းဆီးအရေးယူထားပြီ ဖြစ်တဲ့အတွက် AA က ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ ဝါဒဖြန့်ချီမှုသာ ဖြစ်ပါတယ်။
အခုလို ထိရှလွယ်တဲ့ ရာဇဝတ်မှုတွေကို တွေ့တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေဟာ အဖွဲ့အစည်းတွေကို နာမည်ဖျက်ဖို့အတွက် အသုံးချတတ်ကြပါတယ်။ ဒါကြောင့် သတင်းတစ်ခုကို ဖတ်တဲ့အခါ ဘယ်သူက ကျူးလွန်တာလဲဆိုတာကို သေချာစိစစ်ထားတဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ အရင်ဆုံး တိုက်ဆိုင်စစ်ဆေးကြဖို့ တိုက်တွန်းလိုပါတယ်။
