Fact-Check|| ပလက်ဝ မြို့နယ်အတွင်း အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို ဗုံးကြဲတာကို AA စခန်းကိုဗုံးကြဲတာဆိုပြီး စစ်အုပ်စု ဝါဒဖြန့်
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က ဗျူဟာကုန်းနဲ့ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ အာရက္ခတပ်တော် (AA) စခန်းတွေကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ AA တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးသွားတယ်ဆိုတဲ့ သတင်း နဲ့ AA အခြစိုက်တဲ့ စိမ့်ညင်းဝ ရွာကို ဗုံးကြဲလို့ AA တပ်ဖွဲ့ဝင် အများပြား သေဆုံးခဲ့တယ်ဆိုပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေနေပါတယ်။ ဒါပေမဲ့ တကယ်တမ်း စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ ဒီတိုက်ခိုက်မှုတွေကြောင့် AA တပ်ဖွဲ့ဝင်တွေ သေဆုံးတာမျိုး မရှိဘဲ ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သားတွေသာ ထိခိုက်သေဆုံးခဲ့ရတာကို တွေ့ရှိရပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့မှာ UNION Politics News ဆိုတဲ့ တယ်လီဂရမ်ချန်နယ်ကနေ “မြို့ရဲ့အဝင် နဲ့ အရင်က ဗျူဟာကုန်းနေရာတွေကို ဗုံးကြဲခဲ့တာပါ။ နှစ်နေရာလုံးမှာ ရခိုင် AA တွေစခန်းချနေတာပါ ။အဓိကကတော့ ဗျူဟာကုန်းပေါ့ ။ ဗျူဟာကုန်းမှာ အကြီးအကျယ်စခန်းချနေတာ ပြီးခဲ့တဲ့ ၂၀၂၄ တည်းကလေ ၊အဲနေရာကို ဗုံးသုံးလုံးချသွားတယ်။ ရခိုင် AA တွေအများကြီးသေတယ် ၊အများကြီးမှ အများကြီးသေတာ ” ဆိုပြီး ဒေသခံတစ်ဦးက ဖြေကြားခဲ့သလို ပုံစံနဲ့ ဝါဒဖြန့် ရေးသားထားတာဖြစ်ပါတယ်။
ဆမီးမြို့ AA စခန်း ဗုံးကြဲဆိုတဲ့ ဝါဒဖြန့်သတင်းတု
https://archive.ph/AOZV2
ဒီဖြစ်စဉ်ကို မြေပြင်ဒေသခံတွေရဲ့ ပြောပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ ဩဂုတ်လ ၁၂ ရက်၊ ည ၁၁ နာရီမှာ ဆမီးမြို့ အမှတ် (၂) ရပ်ကွက်နဲ့ ဗျူဟာကုန်းကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဗုံးကြဲခံရတဲ့ အမှတ် (၂) ရပ်ကွက်မှာ AA စခန်း လုံးဝ မရှိသလို အရပ်သားတွေပဲ နေထိုင်တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းဟောင်းမှာ AA တပ်ဖွဲ့ဝင်တွေ ရှိနေတာ မှန်ပေမဲ့ ဗုံးကြဲတဲ့အချိန်မှာ AA တပ်ဖွဲ့ဝင်တွေ သေဆုံးတာမျိုး မရှိဘူးလို့ ဒေသခံတွေက အတည်ပြုထားပါတယ်။
“ဗျူဟာကုန်းမှာ AA တပ်ဖွဲဝင်တွေ ရှိတာမှန်တယ်။ ဒါပေမဲ့ ဗုံးကြဲတဲ့ခါအချိန်မှာ သေဆုံးတာ မရှိဘူး။ အမှတ် (၂) ရပ်ကွက် ဗုံးကြဲတဲ့နေရာမှာလည်း AA တပ်ဖွဲဝင်တွေ မရှိတဲ့အတွက် သူတို သေဆုံးမှုမရှိဘူး။ ဒါပေမဲ့ အဲနေရာမှာ အရပ်သားတွေ နေထိုင်တာကြောင့် အရပ်သားတွေ၊ ကလေးတွေ အများအပြား ထိခိုက်သေဆုံးတယ်။” လို့ အမှတ် (၂) ရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။
ဝါဒဖြန့်သတင်းမှာ AA တွေ သေပါတယ်လို့ ရေးထားပေမဲ့ တကယ်တမ်း မြေပြင်မှာတော့ ကလေးငယ်တွေနဲ့ မိသားစုဝင်တွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ အသက် (၁၆) နှစ်အရွယ် မထွေးမေ ဟာ ဗုံးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး မိဘတွေဖြစ်တဲ့ ဦးငန်တင်း၊ ဒေါ်ပြောင်နွဲနဲ့ မောင်လေးဖြစ်သူ မောင်ထက်လင်းအောင် (၁၀ နှစ်)၊ မောင်ထွန်းလင်းနိုင် (၁၁ နှစ်)၊ မောင်စိုးမိုးအောင် (၈ နှစ်) တို့အားလုံး ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်ဗျာ။ ဒါ့အပြင် အသက် (၈) နှစ်အရွယ် မနွယ်နွယ်လှိုင်နဲ့ အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ဆမီးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အရပ်သားတွေထိခိုက်မှုရှိခဲ့တဲ့ အကြောင်း ဓာတ်ပုံအထောက်အထားတွေအသုံးပြုထားတဲ့ Paletwa Times ရဲ့ သတင်းဖော်ပြချက်
https://www.facebook.com/share/p/19chB8mYoY/
ဒီဖြစ်ရပ်မှာ အာဏာသိမ်းစစ်တပ်က အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်ထဲကိုပါ ပစ်မှတ်ထား ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အရပ်သားတွေ ထိခိုက်သေဆုံးမှုကို ဖုံးကွယ်ဖို့အတွက် “AA စခန်းတွေကို ရှင်းလင်းတာပါ၊ AA တွေ အများကြီး သေကုန်ပြီ” ဆိုပြီး သတင်းအမှားတွေနဲ့ သက်သေအထောက်အထား ပြနိုင်ခြင်းမရှိဘဲ ဝါဒဖြန့်ခဲ့တာသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၄ ရက်နေ့ကလည်း UNION Politics News ဆိုတဲ့ တယ်လီဂရမ်ချန်နယ်ကနေ “ဒီနေ့ ဗုံးကြဲခဲ့တဲ့ စိမ့်ညင်းဝဆိုတာ ၂၀၂၄ ခုနှစ်က ဖြစ်စဥ်ကို ပြန်ကြည့်ရင် ဘယ်လိုရှိခဲ့တဲ့ ရွာဆိုတာ မြင်သာစေပါတယ် ၂ နှစ်ကျော်အကြာမှ ပထမဆုံး ဗုံးကြဲမှုဆိုပေမယ့် အကြမ်းဖက် AA တွေ အများအပြား သေဆုံးခဲ့ကြောင်းသိရပါတယ်။” ဆိုပြီး ဝါဒဖြန့် ရေးသားထားပါသေးတယ်။
AA စခန်းအခြေစိုက်တဲ့ စိမ်းညင်းဝရွာကို ဗုံးကြဲဆိုတဲ့ ဝါဒဖြန့် သတင်းတု
https://archive.ph/tvFLt
ဖြစ်စဉ်ကို စစ်ဆေးကြည့်တဲ့ အခါမှာ သြဂုတ် ၂၄ ရက် နေ့လယ် ၁၁နာရီ ဝန်းကျင်ကစတင်ပြီး ပလက်ဝမြို့နယ်၊ စိမ်းညင်းဝ ကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဗုံးကျရောက်ရာနေရာတွေဟာ AA စခန်းတွေမဟုတ်ဘဲ ဘုန်းကြီးကျောင်းဓမ္မာရုံ၊ ဆွမ်းစားဆောင်နဲ့ အရပ်သားနေထိုင်ရာနေရာတွေဖြစ်တာကို ဓာတ်ပုံအထောက်အထားတွေမှာ တွေ့ရပါတယ်။
ဝါဒဖြန့်သတင်းမှာ AA တွေ သေပါတယ်လို့ ရေးထားပေမဲ့ တကယ်တမ်းမြေပြင်မှာတော့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အဖဦးစံထွီးခိုင်ရဲ့သမီး ဒေါ်သန္တာဖြူ ၇၁ နှစ်၊ အဖဦး ကျော်စိုးသိန်းရဲ့သား မြတ်ကျော်နိုင် ၁၀ နှစ်၊ အဖ ဦးမောင်လှစိန်ရဲ့သမီး ဒေါ်ခိုင်ခိုင်စိုး ၄၆ နှစ်၊ အဖဦးမောင်ထွန်းစိန်ရဲ့သမီး ဒေါ်မသန်းဝင်း ၃၆ နှစ်၊ အဖဦးကျော်ညွှန့်ရဲ့သား မောင်ထက်မြတ်ကျော် ၁ နှစ်တို့ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံး ခဲ့ပြီး အဖဦးကျော်ယဥ်ရဲ့သား နိုင်စိုးလင်း ၁၁နှစ်၊ အဖဦးကျော်သိန်းမောင်ရဲ့သား နေပိုင်ဖြိုး ၁၀နှစ်၊ အဖဦးကျန်အောင်ရဲ့သား မောင်မင်းမြတ်သူ ၉နှစ်၊ အဖဦးအောင်သိန်းထွန်းရဲ့သမီး မချမ်းအေးမေ ၁၃နှစ်၊ အဖဦးမောင်ကျော်သိန်းရဲ့သမီး မတင်တင်စိုး ၁၂နှစ်၊ အဖဦးရွှေကျော်ဝင်းရဲ့သမီး မသော်တာ ၇နှစ်၊ အဖဦးအောင်ထွန်းခိုင်ရဲ့သမီး မခိုင်အေးဆန်း ၈နှစ်၊ အဖဦးညွှန့်မောင်ရဲ့သား ခိုင်လင်းဟိန်း ၉နှစ်၊ ဒေါ်ဝင်းမြဦး ၂၇နှစ်၊ ဦးတင်အောင်ထွန်း ၄၈နှစ်၊ ဒေါ်အောင်မြစိန် ၉၇နှစ်၊ ဒေါ်လှသန်းဝင်း ၄၅ နှစ်၊ ဦးတင်ထွန်း ၄၈ နှစ်၊ ဒေါ်ချစ်စုဝေ ၃၅နှစ်၊ ဒေါ်ရွှေယိုင်နု ၄၀နှစ်၊ ဒေါ်ဝဲဒိုးမ ၆၀နှစ်တို့ဟာ ဒဏ်ရာရရှိခဲ့ပါတယ်။
စိမ်းညင်းဝ ရွာမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အရပ်သားတွေထိခိုက်မှုရှိခဲ့တဲ့ အကြောင်း ဓာတ်ပုံအထောက်အထားတွေအသုံးပြုထားတဲ့ Paletwa Times ရဲ့ သတင်းဖော်ပြချက်
https://www.facebook.com/share/p/1DX2himixP/
ဒီဖြစ်ရပ်မှာ အာဏာသိမ်းစစ်တပ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို ပစ်မှတ်ထား ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အရပ်သားတွေ ထိခိုက်သေဆုံးမှုကို ဖုံးကွယ်ဖို့အတွက် “အကြမ်းဖက် AA တွေ အများအပြား သေဆုံးခဲ့ကြောင်းသိရ” ဆိုပြီး သတင်းအမှားတွေနဲ့ သက်သေအထောက်အထား ပြနိုင်ခြင်းမရှိဘဲ ဝါဒဖြန့်ခဲ့တာသာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူတွေက ပလက်ဝမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ AA တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးတယ်လို့ ဝါဒဖြန့်နေပေမယ် အမှန်မှာသေဆုံးထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အပြစ်မဲ့ အရပ်သားတွေသာဖြစ်ပါတယ်။
စစ်အုပ်စုဟာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ပြီးတိုင်း သူတို့ရဲ့ အပြစ်ကို ဖုံးကွယ်ဖို့အတွက် “ရန်သူ့စခန်းတွေကို တိုက်ခိုက်တာပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝါဒဖြန့်လေ့ ရှိပါတယ်။ ဒါကြောင့် အခုလို သတင်းမျိုးတွေကို တွေ့ရင် ထိခိုက်သေဆုံးသူတွေဟာ ဘယ်သူတွေလဲဆိုတာကို မြေပြင်ဒေသခံ သတင်းရင်းမြစ်တွေမှာ သေသေချာချာ တိုက်ဆိုင်စစ်ဆေးကြဖို့ တိုက်တွန်းလိုပါတယ်။
CJ 005
