အိမ်ခြံမြေဈေးကွက် အေးစက်လာပြီး ဘဏ်နဲ့ ပြည်သူတွေအထိ ရိုက်ခတ်နိုင်ကြောင်း ကျွမ်းကျင်သူတွေ သတိပေး
အခွန်စည်းကြပ်မှုနဲ့ ငွေကြေးအရင်းအမြစ် စစ်ဆေးမှုတွေကြား အရောင်းအဝယ်အေးစက်လာနေတဲ့ မြန်မာ့အိမ်ခြံမြေဈေးကွက်ဟာ အခြေအနေဆက်လက်ဆိုးရွားလာနေပြီး ယိုင်နဲ့ပြိုဆင်းလာခဲ့ရင် အိမ်ခြံမြေလုပ်ငန်းတွေသာမက ဘဏ်စနစ်နဲ့ ပြည်သူတွေရဲ့ စီးပွားရေးအထိ ရိုက်ခတ်လာနိုင်တယ်လို့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
စစ်အုပ်စုက အိမ်ခြံမြေတန်ဖိုး အကဲဖြတ်တာ၊ ရောင်းဝယ်မှုအပေါ် အခွန်ကောက်ခံတာနဲ့ ဝယ်ယူတဲ့ငွေရဲ့ အရင်းအမြစ်ကို စစ်ဆေးတာတွေ တင်းကျပ်လာတဲ့အတွက် ဝယ်သူနဲ့ ရောင်းသူနှစ်ဖက်စလုံး ဆုံးဖြတ်ရခက်လာပြီး ဈေးကွက်အတွင်း မသေချာမှုတွေ ပိုများလာနေတယ်လို့ ဈေးကွက်တွင်းက ပြောဆိုကြပါတယ်။
ငွေကြေးဈေးကွက် ကျွမ်းကျင်သူတစ်ဦးကတော့ လက်ရှိအခြေအနေကို အိမ်ခြံမြေအရောင်းအဝယ် နည်းသွားတာတစ်ခုတည်းအဖြစ် မကြည့်သင့်ဘဲ ချေးငွေ၊ အပေါင်ပစ္စည်းနဲ့ ဘဏ်လုပ်ငန်းတွေကြားက ဆက်စပ်မှုကိုပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ အိမ်ခြံမြေကို အပေါင်ထားပြီး ဘဏ်ချေးငွေရယူတာ ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့အတွက် ဈေးကွက်ရဲ့ ဂယက်က ဘဏ်စနစ်ထဲအထိ ဝင်ရောက်နိုင်တယ်လို့ သူက ဆိုပါတယ်။
သူ့အဆိုအရ ဈေးကွက်ကောင်းမကောင်းကို ရောင်းသူတွေ ခေါ်ထားတဲ့ဈေးနှုန်းနဲ့ပဲ ဆုံးဖြတ်လို့မရဘဲ အဲဒီဈေးနဲ့ တကယ်ရောင်းထွက်သလားဆိုတာက ပိုအရေးကြီးပါတယ်။
“ပိုင်ရှင်တစ်ဦးက သူ့အိမ်မြေကို ကျပ်သိန်း ၁၅,၀၀၀ နဲ့ ရောင်းမယ်လို့ ဈေးသတ်မှတ်ထားပေမယ့် အဲဒီဈေးနဲ့ ဝယ်သူမရှိဘူးဆိုရင် စာရွက်ပေါ်က တန်ဖိုးက ကျပ်သိန်း ၁၅,၀၀၀ ဖြစ်နေပေမယ့် အမှန်တကယ် ရောင်းချနိုင်တဲ့ဈေးက အဲဒီတန်ဖိုး မဖြစ်နိုင်ပါဘူး” လို့ သူက ပြောပါတယ်။
ဒါကြောင့် ကြေညာထားတဲ့ဈေးနှုန်းတွေထက် အမှန်တကယ် အရောင်းအဝယ်ပြီးစီးမှု၊ ဝယ်လိုအားနဲ့ ငွေသားအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်မှု တို့ကို ကြည့်ပြီး ဈေးကွက်အခြေအနေကို သုံးသပ်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။
“အခု မြန်မာ့ဈေးကွက်မှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မညီမျှတော့တဲ့ သတိပေးချက်တစ်ခု အမှန်တကယ်ဖြစ်နေပါတယ်။ အချို့ အိမ်ခြံမြေသမားတွေက ရွှေဘက်တွေလည်း လှည့်လာကြပြီ” လို့ သူက ဆက်ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကျပ်ငွေအပေါ် ယုံကြည်မှုလျော့နည်းလာတာကြောင့် ငွေသားကိုင်ထားမယ့်အစား ရွှေ၊ ဒေါ်လာ၊ ကားနဲ့ အိမ်ခြံမြေတွေ ဝယ်ယူပြီး ပိုင်ဆိုင်မှုတန်ဖိုးကို ကာကွယ်လာကြတာက ဈေးကွက်ကြီးထွားလာစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဈေးကွက်တွင်းက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ်အတွင်း အခွန်စည်းကြပ်မှု ပိုမိုတင်းကျပ်လာချိန်မှာ အရောင်းအဝယ်လုပ်မယ့်သူတွေအတွက် ကုန်ကျစရိတ်နဲ့ စိစစ်ခံရမယ့် လုပ်ငန်းစဉ်တွေက အဓိကစဉ်းစားစရာ ဖြစ်လာနေပါတယ်။
ရောင်းသူဘက်မှာ မြတ်စွန်းငွေအပေါ် အခွန်ပေးဆောင်ရသလို ဝယ်သူဘက်မှာလည်း ငွေကြေးအရင်းအမြစ် အထောက်အထားအပေါ်မူတည်တဲ့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ မှတ်ပုံတင်ကြေး စတဲ့ ကုန်ကျစရိတ်တွေကို ထည့်တွက်နေရတယ်လို့ ဈေးကွက်တွင်းက ပြောပါတယ်။
တချို့နေရာတွေမှာ အကဲဖြတ်အဖွဲ့က သတ်မှတ်တဲ့ လက်ရှိတန်ဖိုးနဲ့ မူလဝယ်ယူခဲ့တဲ့တန်ဖိုးကြား ကွာဟချက်ကို အခြေခံပြီး မြတ်စွန်းငွေအပေါ် အခွန်ကောက်ခံတဲ့ အခြေအနေတွေရှိတယ်လို့လည်း ဆိုပါတယ်။
ဝယ်ယူသူတွေရဲ့ ငွေကြေးအရင်းအမြစ်ကိုပါ စစ်ဆေးလာတာက အရောင်းအဝယ်လုပ်ဖို့ ပိုမိုရှုပ်ထွေးလာစေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
အခွန်ရှောင်မှုနဲ့ ငွေကြေးမသမာမှုတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ စိစစ်မှုတွေဖြစ်နိုင်ပေမယ့် အဲဒီလုပ်ဆောင်ချက်တွေက ဈေးကွက်အတွင်း ငွေလည်ပတ်မှုကိုပါ လျော့နည်းစေနိုင်တယ်လို့ အခွန်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
အရောင်းအဝယ်အေးလာမှုရဲ့ နောက်ဆက်တွဲအဖြစ် သတိထားရမယ့်အပိုင်းကတော့ အိမ်ခြံမြေကို အပေါင်ထားတဲ့ ချေးငွေတွေဖြစ်တယ်လို့ နောက်ထပ် ငွေကြေးဆိုင်ရာ လေ့လာသူတစ်ဦးက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဘဏ်ကနေ ချေးငွေယူတဲ့အခါ အိမ်၊ မြေ၊ အဆောက်အအုံလို မရွှေ့မပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေကို အပေါင်အဖြစ်တင်ပြီး ချေးငွေရယူတဲ့ စနစ်ရှိပါတယ်” လို့ သူက ထောက်ပြပါတယ်။
၂၀၁၉ ခုနှစ်က ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်တွေမှာလည်း အိမ်ခြံမြေအပေါင်နဲ့ ချေးငွေထုတ်ချေးမှု၊ ပြန်လည်ပေးဆပ်မှု မမှန်တော့တဲ့ ချေးငွေတွေဖြစ်တဲ့ Non-Performing Loan (NPL) ပြဿနာတွေ က အရေးကြီးတဲ့ စိန်ခေါ်မှုတွေဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် အိမ်ခြံမြေဈေးကွက်ရဲ့ အခြေအနေကို ဘဏ်လုပ်ငန်းနဲ့ ခွဲခြားကြည့်လို့မရဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကလည်း အိမ်ခြံမြေနဲ့ ချေးငွေကဏ္ဍကြား ချိတ်ဆက်မှုကို သတိပြုဖို့ သင်ခန်းစာပေးနေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
၁၉၉၇ ခုနှစ် ထိုင်းဘဏ္ဍာရေးအကျပ်အတည်းမှာ အိမ်ခြံမြေအပေါ် အလွန်အကျွံရင်းနှီးမြှုပ်နှံတာ၊ ဘဏ်နဲ့ ဘဏ္ဍာရေးကုမ္ပဏီတွေက ချေးငွေအလွန်အကျွံထုတ်ပေးတာနဲ့ အဆောက်အအုံပိုလျှံတာတွေက ပြဿနာရဲ့ အစိတ်အပိုင်းတွေဖြစ်ခဲ့တယ်လို့ သူတို့က ရှင်းပြပါတယ်။
ဈေးကွက်ကျဆင်းချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ထိခိုက်ပြီး ချေးငွေပြန်မဆပ်နိုင်မှုတွေက ဘဏ္ဍာရေးကဏ္ဍကိုပါ ရိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်မှာလည်း ၂၀၀၈ ခုနှစ်က အိမ်ခြံမြေနဲ့ ချေးငွေကဏ္ဍက ပြဿနာတွေ ဘဏ္ဍာရေးစနစ်အတွင်း ပျံ့နှံ့သွားရာက ကမ္ဘာ့စီးပွားရေးအထိ ထိခိုက်ခဲ့တာကို သူတို့က ထောက်ပြကြပါတယ်။
တရုတ်နိုင်ငံမှာတော့ အိမ်ခြံမြေလုပ်ငန်းကြီးတွေရဲ့ အကြွေးဝန်ထုပ်ဝန်ပိုး၊ ကြိုတင်ရောင်းချထားတဲ့ အိမ်ရာတွေ မပြီးစီးနိုင်မှုနဲ့ ဈေးနှုန်းကျဆင်းမှုတွေက စားသုံးသူယုံကြည်မှုနဲ့ စီးပွားရေးတိုးတက်မှုအပေါ် ဖိအားဖြစ်လာတယ်လို့ သုံးသပ်ကြပါတယ်။
“မြန်မာနိုင်ငံဟာ ထိုင်းတို့၊ အမေရိကန်တို့၊ တရုတ်တို့လို အဲဒီနိုင်ငံတွေထဲက ဘယ်နိုင်ငံနဲ့မှ အခြေအနေအရ တူညီတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် အိမ်ခြံမြေ၊ ချေးငွေ၊ အပေါင်၊ ဘဏ်၊ စီးပွားရေးဆိုတဲ့ ချိတ်ဆက်မှုဟာ နိုင်ငံတိုင်းမှာ အရေးကြီးတဲ့ အန္တရာယ်ကွင်းဆက်တစ်ခု ဖြစ်နိုင်တာကိုတော့ အဲဒီဖြစ်ရပ်တွေက သင်ခန်းစာပေးနေပါတယ်” လို့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းမှာတော့ နိုင်ငံရေးမတည်ငြိမ်မှု၊ ငွေကြေးတန်ဖိုးကျဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှုအားနည်းမှုနဲ့ ဘဏ်စနစ်အပေါ် ယုံကြည်မှုဆိုင်ရာ ပြဿနာတွေကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတာကြောင့် အိမ်ခြံမြေကဏ္ဍက ဖိအားတွေ ထပ်ပေါင်းလာမှာကို စိုးရိမ်ရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ဆိုပါတယ်။
မူဝါဒအပြောင်းအလဲတွေ၊ အခွန်နဲ့ စည်းမျဉ်းတင်းကျပ်မှုတွေကြား ငွေလည်ပတ်မှုပါ အားနည်းလာရင် လုပ်ငန်းတွေအတွက် မသေချာမှု ပိုများလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
အချိန်ကြာကြာ ဈေးမြင့်နေပေမယ့် အရောင်းအဝယ်တဖြည်းဖြည်း လျော့နည်းလာတာကလည်း ခေါ်ဈေးနဲ့ အမှန်တကယ် ရောင်းချနိုင်တဲ့တန်ဖိုးကြား ကွာဟမှုကြီးလာနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီအချိန်မှာ အခွန်တင်းကျပ်မှု၊ ငွေကြေးအရင်းအမြစ် စစ်ဆေးမှု၊ ဝယ်လိုအားကျဆင်းမှုနဲ့ ငွေလိုအပ်လို့ အတင်းရောင်းရမှုတွေ ပေါင်းစပ်လာရင် အိမ်ခြံမြေပြဿနာဟာ လျစ်လျူရှုလို့မရတဲ့ အန္တရာယ်လက္ခဏာတွေ ရှိနေပါတယ်” လို့ သူက ပြောပါတယ်။
ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကတော့ ဒီဂယက်ဟာ အိမ်ခြံမြေပိုင်ဆိုင်သူနဲ့ ရောင်းဝယ်သူတွေအတွင်းမှာပဲ ရပ်တန့်နေမှာမဟုတ်ဘူးလို့ သတိပေးပါတယ်။
“ဒီတော့ ကြက်ဥတစ်လုံး ၇၀၀ တောင် ရိုက်ခတ်မှုရှိခဲ့တာ၊ အခု အိမ်ခြံမြေက ပြဿနာဖြစ်လာရင် ပြည်သူတွေကို မရိုက်ခတ်ဘဲ မနေပါဘူး” လို့ သူက ပြောပါတယ်။
