Fact-Check|| PDF တွေ ရက်စက်တယ်ဆိုပြီး ဖြန့်နေတဲ့ ဒရုန်းဗီဒီယိုဟာ မြန်မာပြည်က မဟုတ်ဘဲ ယူကရိန်းစစ်ပွဲက ဗီဒီယိုအဟောင်းသာဖြစ်

Author CJ Platform
Categories
Published on Sep 08, 2026

“PDF ကလေးတွေ ရက်စက်တယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ဩဂုတ် တတိယပတ်က စတင်ပြီး ပျံ့နှံ့နေပါတယ်။ အဲဒီဗီဒီယိုမှာ PDF တွေက ဒဏ်ရာရ အာဏာသိမ်းစစ်တပ်ရဲ့ ဒဏ်ရာရ စစ်သားတွေကို ဗုံးကြဲနေတယ်လို့ ဖော်ပြထားတာပါ တကယ်တမ်း စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ ဒါဟာ မြန်မာပြည်ကဖြစ်စဉ်မဟုတ်ဘဲ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ယူကရိန်းစစ်ပွဲမှတ်တမ်း ဗီဒီယိုအဟောင်းသာ ဖြစ်နေတာကို တွေ့ရှိရပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ X လူမှုကွန်ရက်နဲ့ Facebook လူမှုကွန်ရက်တွေမှာ အဆိုပါဗီဒီယိုစတင်ပျံ့နှံ့ခဲ့တာပါ။ အဲဒီဗီဒီယိုမှာ PDF နဲ့ Federal Wings ဒရုန်းအဖွဲ့တွေက ဒဏ်ရာရနေတဲ့ စစ်သားတွေကို လူနာတင်ထွက်လာတုန်း FPV ဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်လို့ သေဆုံးကုန်ကြတယ်ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

 

ပျံ့နှံ့ခဲ့သည့် သတင်းတု ဗီဒီယို

https://archive.is/iVn8n

 

ဒီဗီဒီယိုဖိုင်ကို ဗီဒီယိုသတင်းအချက်အလက်တွေစစ်ဆေးတဲ့ InVID WeVerify ကိုအသုံးပြုပြီး

စိစစ်ကြည့်တဲ့အခါမှာ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော် (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့) ကတည်းက Daily Mail World ရဲ့ YouTube Channel မှာ တင်ထားခဲ့တဲ့ ဗီဒီယို ဖြစ်ပါတယ်။

မူရင်းဗီဒီယိုရဲ့ ခေါင်းစဉ်မှာ “ယူကရိန်းတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ်အတွင်း ရုရှားစစ်သားတွေကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ဖယ်ရှားနေခြင်း” လို့ သေချာဖော်ပြထားပါတယ်။ ဒါဟာ နိုင်ငံခြားစစ်ပွဲက ဗီဒီယိုအဟောင်းကို ယူပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေနဲ့ တမင်တကာ ချိတ်ဆက်ကာ ခေါင်းစဉ်အသစ်တပ်ပြီး သတင်းမှား ဖန်တီးထားတာ ဖြစ်ပါတယ်။

 

လွန်ခဲ့သော ၃ နှစ်ကျော်က ရုရှား-ယူကရိန်းစစ်ပွဲ အတွင်း မြင်တွေ့ရတဲ့ ဒရုန်းဗီဒီယို

 

https://youtu.be/pcBnCE7IWP4?si=OQdH8XRFHqZ4gkJ7

 

ဒါ့ကြောင့် “PDF ကလေးတွေ ရက်စက်တယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲက ဗီဒီယိုဟောင်းသာဖြစ်ပြီး မြန်မာနိုင်ငံက ဖြစ်စဉ်နဲ့ လုံးဝမသက်ဆိုင်တဲ့ အကြောင်းအရာ သာဖြစ်ပါတယ်။

 

အခုခေတ်မှာ ဒရုန်းဗီဒီယိုတွေဟာ နိုင်ငံတကာမှာ အများကြီးရှိတဲ့အတွက် ဗီဒီယိုတစ်ခုကို တွေ့တာနဲ့ ခေါင်းစဉ်မှာ ရေးထားတာကို ချက်ချင်းမယုံကြဖို့ လိုပါတယ်။ အထူးသဖြင့် စိတ်လှုပ်ရှားစရာ ဒါမှမဟုတ်

တဖက်အဖွဲ့အစည်းကို အလွန်မြှောက်ပင့်ချီးကျူးတာ ဒါမှမဟုတ် အပြစ်တင်ထားတဲ့ ဗီဒီယိုမျိုးတွေကို တွေ့ရင် အချက်အလက် စစ်ဆေးပေးတဲ့ ဌာနတွေမှာ အရင်ဆုံး တိုက်ဆိုင်စစ်ဆေးကြဖို့ တိုက်တွန်းလိုပါတယ်။

 

CJ 004