ရေကြီးနေတဲ့ ပဲခူးမှာ ရေဆင်းကူးတဲ့ အမျိုးသား တစ်ဦး ရေစီးနဲ့ မျှောပါ သေဆုံး
ပဲခူးမြစ်ရေ တက်လို့ ရေကြီးရေလျှံ ဖြစ်နေချိန်မှာ ဥဿာမြို့သစ် ၇ ရပ်ကွက်မှာ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီခွဲက ရေဆင်းကူးတဲ့ အမျိုးသား တစ်ဦး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီခွဲက ဥဿာမြို့သစ် ၇ ရပ်ကွက်၊ ကွက်သစ် ၅၊ နယ်မြေ ၁၃ မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦးဟာ အရက်သောက်ပြီး နေအိမ်ရှိ မြောင်းအတွင်း ရေဆင်းကူးရင်း ရေစီးနဲ့ မျှောပါ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မနေ့က လာဝေတဲ့ ဆန်တွေ၊ ဆီတွေကို သူ့မိဘအိမ် သွားပေးပြီး အပြန် အရက်သောက်ပြီး အိမ်ထဲက မြောင်းမှာ ရေဆင်းကူးရင်း ရေစီးနဲ့ပါသွားပြီး ရေနစ်သေသွားတာ။ ၂ ရက်နေ့ကလည်း မဇင်းရပ်ကွက်မှာ ၁ ယောက် ရေနစ်သေတယ်။ အခုဆို ရေနစ်သေတာ ၂ ယောက် ရှိပြီ” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် ကိုဇင်ဘိုဘိုထွန်း ဖြစ်ပြီး ဥဿာမြို့သစ် ၇ ရပ်ကွက်မှာ နေထိုင်သူ တစ်ဦး ဖြစ်ကာ ရုပ်အလောင်းကို ည ၆ နာရီမှာ မြို့ဦးကင်း ရေမြောင်းအတွင်း ပြန်တွေ့ခဲ့တယ်လို့ မီးသတ်နဲ့ နီးစပ်သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရေစီးနဲ့ မျှောပါသွားတော့ မီးသတ်တွေရော ရပ်ကွက်ကလူတွေရော လိုက်ရှာတာ ည ၆ နာရီလောက်မှာ မြို့ဦးကင်းနားက မြောင်းထဲမှာ အလောင်း ပြန်တွေ့တာ” လို့ ပြောပါတယ်။
သေဆုံးသူကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေသူတွေက ပဲခူးမြို့နယ် ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက် ညနေ ၃ နာရီကလည်း မဇင်းရပ်ကွက်၊ မဇင်း ၁ လမ်းမှာ အသက် ၄၉ နှစ်အရွယ် ဦးသန်းဇော် ဆိုသူ နေအိမ်အောက် ရေဆင်းခပ်ရင်း ရေထဲ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့တာလည်း ရှိခဲ့တာပါ။
ပဲခူးမြစ်ရေ မြင့်တက်လာတာကြောင့် စက်တင်ဘာလ ၁ ရက်ကစပြီး မြစ်ကမ်းဘေးမှာ ရှိတဲ့ ရပ်ကွက်တွေ ရေဝင်ရောက်မှု ရှိခဲ့ပြီး လူဦးရေ တစ်ထောင်ကျော် ကယ်ဆယ်ရေး စခန်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရကာ စာသင်ကျောင်း ၁၄ ကျောင်း ပိတ်ထားရပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်း
