ထပ်ဆင့် ဒုက္ခတွေ ကြံ့ကြံ့ခံရင်း ရပ်တည်နေကြသူတွေ

Author CJ Platform
Categories
Published on Aug 25, 2026

ရခိုင်ပြည်ဟာ တောတောင်၊ ရေမြေ၊ ချောင်းမြောင်း ပေါများသလို သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ ဒေသတစ်ခု ဖြစ်တာကြောင့် ဒေသခံ အများစုဟာလည်း တောတောင်တွေကို အမှီပြုပြီး သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေကို ပြုကြတာ ဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ရှမ်းမြောက်မှာ အစပြုခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှာ ရခိုင်ပြည်ထဲ စတင် ဖြစ်ပွားခဲ့တာပါ။

 

အာရက္ခတပ်တော်ရဲ့ မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်မှုတွေကြောင့် စစ်အုပ်စုနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ဒေသခံ အများစုဟာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရပါတယ်။ တစ်ဖက်မှာလည်း စစ်ရှောင် ပြည်သူတွေဟာ စစ်ဒဏ်ကို ခါးစီးခံရင်း သူတို့ ဘဝကို ရပ်တည်နိုင်ဖို့ ဝမ်းစာ ရှာဖွေခဲ့ကြရတာပါ။ စစ်ကျန် လက်နက်တွေကို ဂရုမထားဘဲ နီးစပ်ရာ တောင်တန်းတွေမှာ ထင်းခုတ်၊ ဟင်းရှာ၊ မျှစ်ချိုး အလုပ်တွေကို စတင် လုပ်ကိုင်ခဲ့ကြရပါတယ်။

 

တချို့ စစ်ရှောင်တွေမှာ ကျပန်း အလုပ်ကို လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေး၊ သားသမီးတွေရဲ့ ပညာရေးအပြင် ကျန်းမာရေး စရိတ်တွေကို မနိုင်မနင်းတဲ့ တာဝန်တွေကို မညည်းမညူ ထမ်းဆောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း မိသားစု ဝမ်းရေးကို ကာမိနိုင်တဲ့ စစ်ရှောင် အနည်းငယ်သာ ရှိခဲ့တာပါ။ မညည်းမညူ မိသားစု တာဝန် ထမ်းဆောင်နေတဲ့ ကာလအတွင်း စစ်ရှောင်တွေအပေါ် သဘာဝတရားရဲ့ ဖောက်ပြန်မှုတွေဟာလည်း ထပ်ဆင့် ကျရောက်လို့ လာခဲ့ပါတယ်။

 

ဇူလိုင်လဆန်းပိုင်းကစလို့ မိုး အဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရခိုင်က မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် ဒေသခံ ပြည်သူတွေအပြင် စစ်ရှောင်တွေဟာလည်း အခက်အခဲ ပေါင်းစုံကို ရင်ဆိုင် ကြုံတွေ့ခဲ့ကြရပါတယ်။ ရေကြီးရေလျှံမှုတွေ ဖြစ်တဲ့အထဲ မြောက်ဦးမြို့နယ်က အိမ်ထောင်စု ၇၉ စုရှိပြီး လူဦးရေ ၂၇၃ ဦး နေထိုင်ကြတဲ့ ဂါရာတောင် စစ်ရှောင်စခန်း တစ်ခုလည်း အပါအဝင် ဖြစ်ပါတယ်။

 

ဂါရာတောင် စစ်ရှောင်စခန်းဟာ ချောင်းနဲ့ နီးကပ်စွာ တည်ရှိတဲ့အတွက် ပြီးခဲ့တဲ့ ၃ နှစ်ကလည်း ရေနက်မြုပ်မှုတွေကို ကြုံတွေ့ခဲ့ရဖူးတယ်လို့ သိရတာပါ။ အဲဒီတုန်းက အခုအကြိမ်လို ဆိုးဆိုးရွားရွား မဟုတ်ခဲ့ပေမဲ့လည်း စစ်ရှောင်တွေဟာ ရေဘေး အန္တရာယ် ရှိတာကို သိရှိထားကြပါတယ်။ ဒါပေမဲ့လည်း စခန်း ပြောင်းရွှေ့စရာ သီးသန့် နေရာ မရှိတဲ့အတွက် အခု နေရာမှာပဲ ဆက်လက် နေထိုင်ကြရင်း ယခုနှစ် ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကို အကြီးအကျယ် ထပ်မံ ကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်။

 

ရေကြီးရေလျှံ ဖြစ်မှုကြောင့် အဆိုပါ စစ်ရှောင်စခန်း အတွင်းမှာ ရေအနက် ၄ ပေကနေ ၅ ပေအထိ မြင့်တက်ခဲ့ပါတယ်။ ရေမြင့်တက်ပြီး နေအိမ်တွေ နက်မြုပ်မှုတွေကြောင့် စခန်း အတွင်းက စစ်ရှောင်တွေဟာ ဘေးလွတ်ရာဆီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့အတွက် အခက်အခဲ မျိုးစုံကိုလည်း ရင်ဆိုင် ကြုံတွေ့ခဲ့ကြရတာပါ။

 

“မိုးက ဇူလိုင်လ ၄ ရက်နေ့ကတည်းက အဆက်မပြတ် ရွာနေတာ။ အဲဒီမှာ ရေတွေ တဖြည်းဖြည်း တက်လာပြီး ဇူလိုင်လ ၈ ရက်နေ့ကဆို အကုန်လုံး မြုပ်ကုန်တာပါ။ ရေက မြေနိမ့်ပိုင်းတွေဆိုရင် ၆ ပေအထိ ရောက်ခဲ့ပါတယ်။ အိမ်တွေက ယာယီတဲတွေ ဖြစ်လို့ ရေ ၆ ပေ တက်လာတော့ အိမ်ထဲတောင် လူဝင်လို့ မရတော့ဘူး” လို့ ဂါရာတောင် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီး စခန်းတာဝန်ခံ ဒေါ်သန်းသန်းက ပြောပြပါတယ်။

 

အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့အတွက် စစ်ရှောင်တွေဟာ စားစရာနဲ့ အသုံးအဆောင် ပစ္စည်းတွေကို လုံလောက်စွာ ယူဆောင်ချိန် မရရှိခဲ့တဲ့အတွက် ခက်ခက်ခဲခဲ ခိုလှုံခဲ့ကြရတာ ဖြစ်ပါတယ်။

 

“ဇူလိုင်လ ၈ ရက်နေ့က ရေပြည့်လာတော့ HDCO က ရောက်လာပါတယ်။ မြေနိမ့်ပိုင်းက အိမ်တွေကို ဘုန်းတော်ကြီးကျောင်း၊ သိမ်နဲ့ ဓမ္မာရုံတွေမှာ ပြောင်းရွှေ့ပြီး နေခိုင်းခဲ့ပါတယ်။ ပြီးတော့ လူတစ်ယောက်ကို ဆန်တစ်ဗူးနှုန်းနဲ့ ဆန် ဆယ်ရက်စာ ထောက်ပံ့ပေးခဲ့ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့ စခန်းတစ်ခုလုံး အတိုင်းအတာနဲ့ ရေနက်မြုပ်သွားတော့ စခန်းက လူတွေက ဘုန်းတော်ကြီးကျောင်းမှာပါ မဆန့် ဖြစ်သွားတော့ စေတီတောင် အုပ်ချုပ်ရေးမှူး၊ ဂါရာတောင် အုပ်ချုပ်ရေးမှူးနဲ့ ကျောက်ကျပ် အုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းပြီးတော့ စေတီတောင်ကျေးရွာ စာသင်ကျောင်းမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကလေးငယ်တွေကို သီးသန့် နေရာချထားပေးခဲ့ရပါတယ်” လို့ သူက ဆက်ပြောပြတာပါ။

 

အဲဒီနောက် ဇူလိုင်လ ၁၁ ရက်နေ့က စာရေးဆရာ ဝေဟင်အောင် ပရဟိတအဖွဲ့က အဲဒီ စစ်ဘေးရှောင်စခန်းကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ အပါအဝင် နောက်ထပ် လိုအပ်တာတွေကို အရေးပေါ် ဝယ်ယူ သုံးစွဲနိုင်ဖို့အတွက် လူတစ်ဦးကို ကျပ်ငွေ တစ်သောင်းနှုန်းနဲ့ ထောက်ပံ့ခဲ့ပါတယ်။

 

နောက်ထပ် ပရဟိတ အဖွဲ့အစည်းတွေနဲ့ HDCO တို့ အပါအဝင် အခြား အဖွဲ့အစည်းတွေက စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အမိုးအကာ ထောက်ပံ့မှုတွေ ရှိခဲ့ပေမဲ့လည်း ရေကျသွားပြီးတဲ့ နောက်ပိုင်းမှာ ဒုက္ခတွေဟာ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

 

ဇူလိုင်လ ၇ ရက်နေ့ကစလို့ စခန်းအတွင်းမှာ စတင် နက်မြုပ်ခဲ့တဲ့ ရေကြီးမှုဟာ ၅ ရက်အကြာ ဇူလိုင်လ ၁၂ ရက်နေ့မှာ ရေပြန်ကျခဲ့ပါတယ်။ ဒါပေမဲ့လည်း ရေကြီးမှုကြောင့် နေအိမ်တွေ၊ စာသင်ဆောင်တွေအပြင် စခန်းအတွင်းက အိမ်သာ ၁၄ လုံးအနက် ၁၀ လုံး ပျက်စီးခဲ့ရတဲ့အတွက် ကျန်ရှိတဲ့ အိမ်သာ ၄ လုံးကိုသာ မျှဝေ သုံးစွဲနေရတာပါ။

 

“ကျနော်တို့ စခန်းမှာ အိမ်သာက ၁၄ လုံးရှိတာ။ ၁၀ လုံးက ရေဝင် ပျက်စီးခဲ့တဲ့အတွက် ကျန်တဲ့ ၄ လုံးကိုပဲ မျှပြီးတော့ သုံးနေရတယ်။ စခန်းမှာကလည်း လူဦးရေ ၂၀၀ ကျော်ဆိုတော့လေ သိပ်အဆင်မပြေပါဘူး။ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေ လာရင်လည်း ပြောပြတာတွေ ရှိပါတယ်။ သူတို့ကလည်း သိပ်အဆင်မပြေဘူးလို့ပဲ ပြောတယ်” ဟု အသက် ၄၀ ကျော်အရွယ် စစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုထားတာ ဖြစ်ပါတယ်။

 

နောက်ပြီး ရေပြန်ကျပြီးနောက် အိမ်သာတွေ ညစ်ညမ်း ပျက်စီးသွားခဲ့တာ၊ ရေတွေ တင်ကျန်နေခဲ့တာတွေကြောင့် ခြင်တွေ ပိုများလာတာ၊ စခန်းအတွင်းက ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းအချို့ ဖျားနာတာ၊ အရေပြား ရောဂါ ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။

 

“ရေပြန်ကျသွားတော့ နေအိမ်တွေကလည်း အကုန်လုံးနီးပါး ရေနက်မြုပ်သွားလို့ ပျက်စီးသွားတာ။ အိမ်သာတွေ ပွင့်သွားလို့ မသန့်တဲ့ ရေတွေ တင်ကျန်ခဲ့တာတွေကြောင့် ကလေးလေးတွေ ယားနာ ပေါက်တာတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ခြင်ထောင်တွေ အလုံအလောက် မရှိလို့ ခြင်ကိုက်ခံပြီး ငှက်ဖျား ဖြစ်မှာကိုလည်း စိုးရိမ်ခဲ့ရပါတယ်” လို့ ဒေါ်သန်းသန်းက ဆိုထားတာပါ။

 

ဒီအဖြစ်အပျက်တွေဟာ စစ်ဘေးကြောင့် တိမ်းရှောင်နေရတဲ့ ပြည်သူတွေအပေါ် သဘာဝတရားရဲ့ ထပ်ဆင့် ဒုက္ခပေးမှုတစ်ခုလည်း ဖြစ်ပါတယ်။ ရေကြီးပြီး ၁ လကျော်ကြာ ကြာမြင့်ခဲ့သည့်တိုင် စစ်ဘေး၊ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်နဲ့အတူ သဘာဝဘေးဒဏ်တွေကိုပါ ဂါရာတောင် စစ်ရှောင်စခန်းက စစ်ရှောင်တွေဟာ နှစ်ထပ်ကွမ်း ခံစားနေကြရတာပါ။

 

“အဒေါ်တို့မှာ ဒီထက်ပိုပြီး ပြေးစရာ မရှိတော့ပါဘူး” ဆိုတဲ့ စစ်ရှောင် မိခင်တစ်ဦးရဲ့ ညည်းတွားမှုနဲ့အတူ ဂါရာတောင် စစ်ရှောင်စခန်းက စစ်ရှောင်တွေဟာ စိန်ခေါ်မှုတွေကြားထဲက ဘဝကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

 

CJ 008 

 

Related News

Depend on news