စစ်မှုထမ်းဖို့ ရောက်လာတဲ့ အသက်မပြည့်သေးသူတွေကို မိဘတွေဆီ ပြန်အပ်တဲ့ ULA/AA ရဲ့ လုပ်ဆောင်ချက်ကို ဒေသခံတွေ ကြိုဆို

Author CJ Platform
Categories
Published on Aug 21, 2026

ရခိုင်ပြည်မှာ အာရက္ခတပ်တော် (AA) ထံ မိမိတို့ သဘောဆန္ဒအတိုင်း စစ်မှုထမ်းဖို့ ရောက်ရှိလာတဲ့ အသက်မပြည့်သေးတဲ့ လူငယ် ၄ ဦးကို စိစစ်ပြီးနောက် မိဘတွေထံ ပြန်လည် အပ်နှံပေးခဲ့တဲ့ ULA/AA ရဲ့ လုပ်ရပ်ကို ဒေသခံ ပြည်သူတွေ ကြိုဆို ထောက်ခံနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီ လူငယ် ၄ ဦးထဲက မြောက်ဦးမြို့၊ ပြင်ဈေး ရပ်ကွက်က အသက် ၁၆ နှစ်အရွယ် ကျောင်းသား မောင်နေလင်းအောင်ကို ဩဂုတ် ၁၉ ရက်နေ့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်း ကျေးရွာက အသက် ၁၃ နှစ်နဲ့ အသက် ၁၄ နှစ်အရွယ် ကလေး ၃ ဦးကိုလည်း ဩဂုတ် ၁၈ ရက်နေ့တို့မှာ ULA/AA တာဝန်ရှိသူတွေက မိဘတွေဆီ ကျန်းမာစွာ ပြန်လည် အပ်နှံပေးခဲ့တာပါ။

 

အဆိုပါ လူငယ်တွေဟာ မိဘတွေကို အသိမပေးဘဲ ကိုယ်တိုင် လာရောက်ခဲ့ကြတာ ဖြစ်ပြီး ULA/AA က စစ်ဆေးရာမှာ အသက်မပြည့်သေးသူတွေနဲ့ ကျောင်းသားတွေ ဖြစ်နေတဲ့အတွက် စစ်မှုထမ်းအဖြစ် လက်မခံဘဲ မိဘတွေထံ ပြန်လည် ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

 

ခုလို စစ်တပ်တစ်ခုအနေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပေးပြီး မိဘတွေထံ ပြန်အပ်တဲ့ လုပ်ရပ်အပေါ် မြောက်ဦး ဒေသခံ လူငယ်တစ်ဦးက အခုလို ပြောပါတယ်။

 

“လူငယ်တစ်ဦးအနေနဲ့ ဒီလိုမျိုးဟာကိုတော့ ကြိုဆိုပါတယ်။ ဝမ်းလည်း သာတယ်။ စစ်တပ်တစ်ခုအနေနဲ့ လုပ်သင့်တဲ့ အရာတစ်ခုလည်း ဖြစ်တယ်။ အဓိကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်မှုထမ်း ကင်းလွတ်ပေးဖို့ လိုတယ်။ ကလေးသူငယ်တွေနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေကို အပြည့်အဝ ပေးဖို့ လိုအပ်တယ်” လို့ သူက ဆိုပါတယ်။

 

ဒါ့ပြင် အဲဒီ လုပ်ရပ်ဟာ စစ်အုပ်စုရဲ့ တပ်သား စုဆောင်းပုံနဲ့ သိသိသာသာ ကွဲပြားခြားနားတယ်လို့ ဒေသခံ ပြည်သူတစ်ဦးက အခုလို ထောက်ပြပါတယ်။

 

“ဒါကတော့ စစ်အုပ်စုနဲ့ AA ရဲ့ တပ်သား စုဆောင်းပုံတွေကို ပြသလိုက်တာပါပဲ။ စစ်အုပ်စုဆီမှာဆိုရင် အတင်းအဓမ္မ ခိုင်းစေတာ၊ လူကုန်ကူးခံရတာတွေကြောင့် ရောက်ကြတဲ့ လူငယ်တွေ များတယ်။ သတင်းတွေအရဆိုရင် အသက်မပြည့်သေးတဲ့ လူငယ်တွေလည်း ပါတယ်၊၊ AA ကတော့ သူတို့နဲ့ မတူဘူး။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို မိဘဆီ အပ်နှံတယ်။ ဆိုတော့ တစ်နည်းပြောရရင် AA က သူတို့ ဘယ်လို တပ်သား စုဆောင်းတယ်ဆိုတာ ပြသလိုက်တာပါပဲ” လို့ သူက နှိုင်းယှဉ် ပြောပြထားတာပါ။

 

လက်ရှိ ရခိုင်ပြည်မှာ စစ်ရေးအရ အရေးကြီးတဲ့ ကာလဖြစ်တာကြောင့် ULA/AA က အမျိုးသား ကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်း ခေါ်ယူရာမှာလည်း အသက်ပြည့်မီခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း စတဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်မီသူတွေကိုသာ တာဝန်ထမ်းဆောင်ဖို့ ခေါ်ယူနေတာ ဖြစ်တယ်လို့ ULA/AA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

 

ဓာတ်ပုံ – Arakan Princess Media

CJ 009

 

 

Related News

Depend on news