ထိုင်း-မြန်မာနယ်စပ်က ဝေဝါးနေတဲ့ ပညာရေးလမ်းစများ
လက်နက်ကြီးသံတွေနဲ့ လေကြောင်းရန် စိုးရိမ်မှုတွေကြား ကရင်ပြည်၊ နယ်စပ်ဒေသက သစ်ဝါးတဲ ယာယီ ကျောင်းဆောင်ငယ် တစ်ခုအတွင်းမှာ ကလေးငယ်တွေရဲ့ စာဖတ်သံတွေ ပျံလွင့်နေပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲတွေနောက်ပိုင်း ကရင်ပြည် အတွင်း ကျောင်းသား၊ မိဘနဲ့ ဆရာ၊ ဆရာမ အများအပြားဟာ စစ်တပ်လက်အောက်က စာသင်ကျောင်းတွေကို အများအပြား စွန့်ခွာလာခဲ့ကြပြီး ကော်သူးလေ ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD) ရဲ့ စီမံခန့်ခွဲမှုအောက်ရှိ ကျောင်းတွေဆီ ပိုမို ပြောင်းရွှေ့ ပညာသင်ယူလာကြပါတယ်။
ဒါပေမဲ့ ဒီနယ်စပ် ပညာရေးစနစ်ဟာ ပညာရေး အသိအမှတ်ပြုမှု၊ ဘဏ္ဍာရေး အကန့်အသတ်နဲ့ စစ်ဘေး လုံခြုံရေးဆိုတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
KECD ရဲ့ ထုတ်ပြန်ချက်တွေအရ KECD ပညာရေးနဲ့ လည်ပတ်နေတဲ့ ကျောင်းပေါင်း ထောင်ပေါင်းများစွာမှာ ကျောင်းသား၊ ကျောင်းသူ ၁ သိန်းခွဲကျော်ကို ပညာသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ KECD စနစ်နဲ့ အထက်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသားတွေအတွက် အဓိက အခက်အခဲမှာ “တရားဝင် အသိအမှတ်ပြုမှု (Formal Recognition)” ပဲ ဖြစ်တာပါ။ KECD လက်မှတ်ဟာ အစိုးရ သို့မဟုတ် အာဆီယံ ဒေသတွင်း တက္ကသိုလ်တွေကို တိုက်ရိုက် တက်ရောက်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
“ကလေးတွေ စာသင်ချင်ကြတယ်။ ဒါပေမဲ့ ဒီက အောင်ရင် ဘယ်လို ရှေ့ဆက်ပြီး ဘာတက်ရမလဲဆိုတဲ့ မေးခွန်းက မိဘတွေရော ကလေးတွေကိုပါ အမြဲ စိုးရိမ်စေတယ်” လို့ နယ်စပ် ကျောင်းတစ်ကျောင်းက ဆရာမတစ်ဦးက ပြောပြပါတယ်။
ဒါ့ပြင် ကျောင်းအများစုဟာ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ကြောင့် ပုံမှန် စာသင်ချိန်တွေ မကြာခဏ ပျက်ပြားရသလို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေမှာလည်း လုံလောက်တဲ့ ထောက်ပံ့ကြေး မရရှိတာကြောင့် ရေရှည် ရပ်တည်ဖို့ဆိုတာ ဝေဝါးနေဆဲပါ။
“အရင်နှစ်ကဆို ကျောင်းမတက်တဲ့ ကလေးတွေ ရှိတယ်။ တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး၊ စစ်အုပ်စုရဲ့ လေကြောင်းရန်ကို စိုးရိမ်လို့လို့ ပြောရမှာပေါ့နော်။ ဘာလို့ဆို တိုက်ပွဲ မဖြစ်လည်း မဲမဲမြင် အကုန်ကြဲသလို ဖြစ်နေတော့လေ။ အဲဒါကတော့ ကလေးတွေအတွက် စိုးရိမ်ရတဲ့ အပိုင်းပေါ့။ အရင်နှစ်က KECD ဘက်က ဆရာ၊ ဆရာမတွေကို တစ်နှစ်စာ ထောက်ပံ့ကြေးကို ထိုင်းဘတ် ၇,၅၀၀ ရတယ်။ ဒီနှစ်က ရပါဦးမလားတော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်ကတော့ ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနေဆဲပဲ” လို့ ကျောင်းဆရာ တစ်ဦးက ဆိုပါတယ်။
ဒါ့ပြင် ယခင် အစိုးရကျောင်း တက်နေရတဲ့ ကလေးငယ်တွေဟာ စစ်ရှောင်ရသူတွေ ရှိနေပြီး အခုလက်ရှိ KECD ကျောင်းဆီ ပြောင်းရွှေ့ သင်ကြားရတဲ့ အချိန်မှာ သူတို့အတွက် ဘာသာစကား အခက်တွေ့မှုတွေ ရှိနေတာပါ။
ယခင် မြန်မာ အစိုးရကျောင်းကနေ KECD ပညာရေးအောက်ဆီ ပြောင်းရွှေ့ ပညာသင်ရတဲ့ ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦးက “အရင်ကျောင်းမှာက မြန်မာစာတွေ ပိုသင်တယ်လေ။ အာဏာသိမ်းပြီးတဲ့ နောက်မှာ သမီးတို့လည်း စစ်ရှောင်စခန်းမှာ ပြောင်းလာရတယ်။ အခု စစ်ရှောင်တဲ့ နေရာမှာ ကရင်စာ တစ်ဘာသာ တိုးလာတော့ အစက ခက်တယ်။ နားလည်း မလည်ဘူး။ တော်သေးတယ် ဆရာမတွေက မြန်မာလို ရှင်းပြတော့ အဆင်ပြေတယ်။ အစ တစ်ချက်ပဲ သင်ရတာ ခက်တယ်။ အခုက ဖတ်တတ်နေပြီ၊ ဒါပေမဲ့ မပြောတတ်သေးဘူး။ အလွတ် မဖတ်တတ်သေးဘူး” လို့ သူ့ရဲ့ အခက်အခဲကို ရှင်းပြပါတယ်။
အချို့သော KECD ပညာရေးအောက် ပညာသင်ကြားပေးနေတဲ့ ကရင်လူမျိုး ဆရာ၊ ဆရာမတွေဟာ နယ်စပ်ရှိ ကရင် စာသင်ကျောင်းတွေမှာသာ ပညာသင်ထားပြီး ကျောင်းပြီးတာကြောင့် အများစုမှာ ဗမာစကား မတတ်ကြပါဘူး။
ထို့ကြောင့် ကလေးတွေကို ကရင်စာ ပြန်လည် သင်ကြားပေးရာမှာ မြန်မာဘာသာနဲ့ အဓိပ္ပာယ် မပြောပြနိုင်တာကြောင့် ကလေးတွေအတွက် အခက်ကြုံတွေ့ရမှုတွေလည်း ရှိတယ်လို့ နယ်စပ်ရှိ KECD အောက် စာသင်နေတဲ့ ကျောင်းသား အချို့ဆီက သိရပါတယ်။
ဒါပေမဲ့ KECD နဲ့ ဒေသခံ လူထုဟာ ဒီစိန်ခေါ်မှုတွေကို ကြည့်ရုံ ကြည့်မနေဘဲ အဖြေရှာရေး နည်းလမ်းတွေကို စနစ်တကျ တုံ့ပြန် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
အလှူရှင်တွေ လျော့နည်းလာတဲ့ ဒီကာလမှာ KECD အနေနဲ့ ဆရာ၊ ဆရာမ ထောက်ပံ့ကြေး ပိုမို ရရှိဖို့ ကမ်ပိန်းတွေပါ လုပ်ဆောင်ပြီး ရှာဖွေနေရပါတယ်။
ဆရာ၊ ဆရာမတွေရဲ့ စားဝတ်နေရေးနဲ့ ထောက်ပံ့ကြေး အခက်အခဲကို ဖြေရှင်းဖို့အတွက် ပြည်ပရောက် ကရင် အသိုက်အဝန်းတွေ (Karen Diaspora)၊ KWO၊ KYO နဲ့ နယ်စပ် လူမှုအဖွဲ့အစည်းတွေဟာ ‘Adopt a Teacher’ (ဆရာ/မ တစ်ဦးကို တာဝန်ယူ ထောက်ပံ့ပေးရေး) ကမ်ပိန်းတွေနဲ့ GoFundMe ကဲ့သို့သော အွန်လိုင်း ရန်ပုံငွေ ရှာဖွေပွဲတွေကို စနစ်တကျ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။
ဒီကမ်ပိန်းတွေကနေ ရရှိလာတဲ့ ရန်ပုံငွေတွေဟာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ ရေရှည် ရပ်တည်နိုင်ရေးနဲ့ KECD ကျောင်းတွေ မပြိုကွဲစေရေးအတွက် အရေးပါတဲ့ အသက်ရှူပေါက် တစ်ခု ဖြစ်လာခဲ့တာပါ။
ထိုင်း – ကရင် နယ်စပ်အတွင်း စာသင်ပေးနေတဲ့ ကျောင်းအုပ်တစ်ဦးက “အခု ကျွန်တော်တို့ ကျောင်းလည်း ပြည်ပက အလှူရှင်တစ်ဦးက ဆရာ၊ ဆရာမတစ်ဦးကို တစ်လ ဘတ် ၁,၀၀၀ နှုန်းနဲ့ ထောက်ပံ့ပေးတာ ရှိတယ်။ အဲဒီအတွက် ရတဲ့ လစာ မများပေမဲ့ ကျွန်တော်တို့ ကလေးတွေအတွက် ဆက်လက် သင်ကြားပေးမှာပါ” လို့ ဆိုပါတယ်။
KECD အနေနဲ့ သူတို့အောက်က ပညာရေး ကျောင်းတွေအတွင်း ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေအတွက် စာရေးကိရိယာ အစုံ အခမဲ့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
ကရင် ပညာရေးစနစ်နဲ့ Grade 12 အောင်ပြီးတဲ့ ကျောင်းသားတွေကို KECD အနေနဲ့ ငွေကြေး ထောက်ပံ့မှု မပေးနိုင်တာကြောင့် တချို့မှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကျောင်းဆက်တက်နိုင်ပြီး ငွေကြေး မတတ်နိုင်တဲ့ ကျောင်းသား တချို့မှာ ကျောင်းရပ်နားထားရတယ်လို့ နယ်စပ်ရှိ ဆရာတစ်ဦးက ဆိုထားတာပါ။
“မိဘ မထောက်ပံ့နိုင်တဲ့ တချို့ ကျောင်းသားတွေ ရှိတော့ GED ဆက်မတက်နိုင်ဘူး။ ဒါပေမဲ့ အထက်တန်း အောင်တော့ ကိုယ့်ရွာတွေမှာ စာပြန်သင်တာ ရှိတယ်။ တချို့ကျတော့ မိဘ ထောက်ပံ့နိုင်တော့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကျောင်းဆက်တက်တာ ရှိတယ်။ တချို့က Scholarship နဲ့ သွားတဲ့သူ ရှိတယ်။ ကျွန်တော်တို့ ကျောင်းမှာတော့ မရှိသေးဘူး။ တချို့ကျတော့ ကျောင်းပြီးရင် အဖွဲ့အစည်းထဲမှာ ပြန်လုပ်ချင်တဲ့ လူငယ်တွေကိုတော့ အဖွဲ့အစည်းက ကျောင်းပြီးတဲ့အထိ ထောက်ပံ့တာတွေတော့ ရှိတယ်” လို့ သူက ပြောပြပါတယ်။
KECD Higher Education ကို အခြေပြုတဲ့ (KDHE – Karen Department of Higher Education) နဲ့ မဟာမိတ်ဖြစ်တဲ့ Minmahaw School ဟာ KECD အထက်တန်း အောင်ပြီးတဲ့ ကျောင်းသားတွေကို တက္ကသိုလ်အဆင့် စာပေနဲ့ ကျွမ်းကျင်မှုတွေ ရရှိအောင် ပေါင်းကူးပေးတဲ့ (Post-Secondary Bridge Programs) ဆိုတဲ့ အချက်မှာ တူညီကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် KECD Higher Education (KDHE) မှာ KECD/KNU ရဲ့ တိုက်ရိုက် မူဝါဒအောက်မှာရှိတဲ့ နယ်စပ်နဲ့ ထိန်းချုပ်နယ်မြေထဲက Post-Secondary Colleges (အထက်တန်းလွန် ကောလိပ်များ) ကို တိုက်ရိုက် ကူညီ စီမံခန့်ခွဲတာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် Kawthoolei Global University (KGU) နဲ့ Karen Arts and Science College (KASC) ကဲ့သို့သော ကောလိပ်တွေက ကျောင်းဆင်းတွေဟာ ဒေသတွင်း လူထုအခြေပြု အဖွဲ့အစည်းတွေ (CBOs/NGOs) နဲ့ ကရင်ပြည်ရဲ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတာပါ။ ထို့ပြင် အချို့သော ကောလိပ်တွေဟာ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ သင်တန်းရမှတ် ကူးပြောင်းရေး (Credit Transfer) စနစ်ကနေတစ်ဆင့် ဘွဲ့လွန် ပညာသင်ယူမှုတွေကို ဆက်လက် လျှောက်ထားနိုင်ကြပါတယ်။
အခြားတစ်ဖက်မှာလည်း မဟာမိတ်ဖြစ်တဲ့ Minmahaw School ကဲ့သို့သော ကျောင်းတွေက KECD ကျောင်းဆင်းတွေကို အမေရိကန် အထက်တန်း ညီမျှမှု GED (General Educational Development) နဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေ အောင်မြင်အောင် လေ့ကျင့်ပေးကာ Child’s Dream နဲ့ Prospect Burma စတဲ့ ပညာသင်ဆုတွေကနေတစ်ဆင့် ထိုင်းနိုင်ငံရှိ Chiang Mai University, Rangsit University စတဲ့ နိုင်ငံတကာ တက္ကသိုလ်တွေဆီ ဘွဲ့သင်တန်း တက်ရောက်နိုင်သည်အထိ ပေါင်းကူးပေးနေတာပါ။
သူ့ရဲ့ သင်ရိုး ဦးတည်ချက်မှာ မင်းမဟော်လို GED စာမေးပွဲ အဓိက ဖြေဖို့ထက် ဒေသတွင်း လိုအပ်တဲ့ အထူးပြု ဘာသာရပ်တွေ (ဥပမာ – နည်းပညာ၊ လူမှုရေးသိပ္ပံ၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး ပညာ၊ စီမံခန့်ခွဲရေး) စတဲ့ ဒီပလိုမာနဲ့ ဘွဲ့လွန် သင်တန်းတွေကို အဓိကထား သင်ကြားပေးတာ ဖြစ်ပါတယ်။ ရှေ့ဆက် လမ်းကြောင်းမှာ KDHE အောက်က ကောလိပ်ဆင်းတွေဟာ ဒေသတွင်း အဖွဲ့အစည်းတွေဖြစ်တဲ့ (CBOs/NGOs) မှာ ပြန်လည် တာဝန်ထမ်းဆောင်ကြသလို အချို့လည်း နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ Credit Transfer (အမှတ်ကူးပြောင်းရေး) စနစ်တွေကနေတစ်ဆင့် ပညာ ဆက်လက် သင်ယူကြတာပါ။
Minmahaw မှာမူ KECD/KDHE နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ မဟာမိတ် ကျောင်း/အဖွဲ့အစည်း (Partner Organization) ဖြစ်ပါတယ်။ သူ့ရဲ့ သင်ရိုး ဦးတည်ချက်မှာ GED (American High School Diploma Equivalent) နဲ့ IELTS / TOEFL စတဲ့ နိုင်ငံတကာ စာမေးပွဲတွေကို တိုက်ရိုက် အောင်မြင်ရေးအတွက် (အရှိန်အဟုန်မြှင့်) လေ့ကျင့်ပေးတာကို အဓိက ဇောင်းပေးတာပါ။ ထို့အတူ ရှေ့ဆက် လမ်းကြောင်းမှာ နိုင်ငံတကာ တက္ကသိုလ်တွေဆီ ပညာသင်ဆု (Full Scholarship) နဲ့ တိုက်ရိုက် တက်ရောက်နိုင်ရေးကို အဓိက ဦးတည်တာ ဖြစ်ပါတယ်။
အချို့ ကျောင်းသားတွေမှာ အရင် ကျောင်းပြီးတဲ့ ကျောင်းသားတွေဆီက လေ့လာပြီး သူတို့ နှစ်သက်တဲ့ ကျောင်း၊ ဘာသာရပ်ကို ရွေးချယ် တက်ကြတယ်လို့ သိရပါတယ်။
KECD အနေနဲ့ အထက်တန်းလွန် ကျောင်းသားတွေအတွက် နိုင်ငံတကာ အသိအမှတ်ပြု GED (General Educational Development) ပရိုဂရမ်တွေ၊ ဒီပလိုမာ သင်တန်းတွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော တက္ကသိုလ်တွေ (ဥပမာ – နယ်စပ်အခြေစိုက် ကောလိပ်များ) နဲ့ ပူးပေါင်းပြီး ရှေ့ဆက် ပညာသင်ယူနိုင်မယ့် လမ်းကြောင်းတွေကို ဖန်တီးပေးနေတာပါ။ ကျောင်းသား အချို့မှာ ဒီလမ်းကြောင်းကနေတစ်ဆင့် ပြည်ပ တက္ကသိုလ်တွေဆီ ပညာသင်ဆုနဲ့ ဆက်လက် တက်ရောက်နိုင်တဲ့ အောင်မြင်မှု သက်သေတွေ ရရှိနေပြီ ဖြစ်ပါတယ်။
KECD ဘက်က ဖြေရှင်းရေး နည်းလမ်းတွေ ဆောင်ရွက်သလို တစ်ဖက် မြေပြင်မှာလည်း လေကြောင်းရန်နဲ့ လက်နက်ကြီးတွေကို ရှောင်ရှားနိုင်ရေးအတွက်လည်း ကြိုတင် ပြင်ဆင်မှုတွေ ရှိနေတာပါ။
လေကြောင်းရန် အန္တရာယ်ကို ကာကွယ်ဖို့အတွက် ကျောင်းအများစုမှာ ဗုံးခိုကျင်းတွေ ပူးတွဲ တည်ဆောက်ထားပြီး စစ်ရှောင်စခန်းတွေမှာ ယာယီ ရွှေ့ပြောင်း စာသင်ကျောင်းတွေ (Mobile Schools) စီစဉ်ထားပါတယ်။ ဒေသခံ မိဘတွေနဲ့ လူထု ကင်းလှည့်အဖွဲ့တွေ ပူးပေါင်းပြီး ကလေးတွေ စာသင်ချိန်မှာ လုံခြုံရေး စောင့်ရှောက်ပေးတဲ့ “လူထုအခြေပြု လုံခြုံရေးစနစ်” ကို ဖန်တီးထားကြတာ ဖြစ်ပါတယ်။
စစ်ရှောင် တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “အဓိက မူကြိုတို့၊ အရမ်းငယ်တဲ့ ကလေးတွေအတွက်က တစ်ခုခုဆိုရင် လေယာဉ်လာတာတို့ဆိုရင် ကျွန်မတို့ ဆရာ၊ ဆရာမတွေပဲ သူတို့ကို မကြည့်နိုင်ဘူးလေ။ ကလေး အရေအတွက်က များပြီး ဆရာ ဦးရေက နည်းတော့ ဒေသတွင်း လုံခြုံရေးယူပေးတဲ့ သူတွေက ကူညီကြတာပေါ့လေ” လို့ ပြောပြပါတယ်။
လက်ရှိ ဆောင်ရွက်နေတဲ့ ဖြေရှင်းချက်တွေဟာ ရေတိုမှာ အလွန် ထိရောက်သော်လည်း ရေရှည်မှာ အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေအပေါ် လွန်စွာ မှီခိုနေရတဲ့ အကန့်အသတ် ရှိနေသေးတာပါ။
ဆရာ၊ ဆရာမတွေ ရေရှည် ရပ်တည်နိုင်ရေးအတွက် ပုံမှန် ထောက်ပံ့ကြေး စနစ်တစ်ခု ခိုင်မာဖို့ လိုအပ်သလို KECD ရဲ့ သင်ရိုးညွှန်းတမ်းကို ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပိုမို ကျယ်ပြန့်စွာ အသိအမှတ်ပြုလာစေဖို့ ဒေသတွင်း ပညာရေး ကွန်ရက်တွေနဲ့ ဆက်လက် ညှိနှိုင်းဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေသတွင်း ကလေးငယ်တွေ နယ်ဝေးဆီ စာသွားမသင်ရရေးအတွက် ကောလိပ်တစ်ခု ရှိဖို့ လိုအပ်တယ်လို့ နယ်စပ်က ကျောင်းအုပ်တစ်ဦးက ထုတ်ဖော် ပြောပြထားပါတယ်။
ခက်ခဲတဲ့ အခြေအနေတွေ ရှိနေသော်လည်း နယ်စပ်ဒေသ ပညာရေးဟာ ရပ်တန့်မသွားဘဲ လူထုရဲ့ စည်းလုံးမှု၊ အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုတို့နဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို ပုံဖော်ပေးလျက် ရှိနေပေမယ့် လေကြောင်းရန်ကို ကြောက်ရလို့ ခိုင်မာတဲ့ အဆောက်အဦတွေနဲ့ ပညာသင်ကြားနိုင်ခွင့် ကျောင်းတွေလည်ပတ်ဖို့အတွက် ရန်ပုံငွေဆိုတာ ဝေဝါးနေပြီး ထိုင်း-မြန်မာနယ်စပ်က ကလေးငယ်တွေအတွက် ပညာရေးဟာ ဘယ်အချိန်များမှ တည်ငြိမ်မလဲဆိုတာ မျှော်လင့်ရင်း…။
CJ 001
