ရခိုင်မှာ မိုးရွာသွန်းမှု လွန်ကဲတာကြောင့် မိုးစပါးစိုက် တောင်သူတွေ အခက်တွေ့နေ

Author CJ Platform
Categories
Published on Aug 13, 2026

ရခိုင်ပြည်မှာ အခုနှစ် မိုးရာသီမှာ မိုးရွာသွန်းမှု လွန်ကဲကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာကြောင့် စိုက်ပျိုးပြီးစ စပါးခင်းတွေ ရေနစ်မြုပ် ပျက်စီးခဲ့ရတဲ့အပြင် တောင်သူအချို့မှာ ဒီနေ့ထိ လယ် မထွန်ယက်နိုင်သေးဘဲ ရှိနေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရခိုင်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ရက်ရှည် ဖြစ်ပွားခဲ့တဲ့အတွက် စိုက်ပျိုးပြီးစ စပါးခင်းတွေ ပျက်စီးခဲ့ရသလို ရေပြန်ကျပြီးနောက်ပိုင်းမှာလည်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုတွေကြောင့် နောက်တစ်ကြိမ် ပျက်စီးခဲ့ရတာဖြစ်တယ်လို့ ကျောက်တော်မြို့နယ်က ဒေသခံ လယ်သမားတစ်ဦးက ပြောပြပါတယ်။

 

“ပထမ တစ်ခေါက် ရေကြီးတုန်းက ကြဲထားတဲ့ ပျိုးစပါးတွေ အကုန် ပျက်စီးသွားတယ်။ ဒါကြောင့် ရေပြန်ကျတာနဲ့ ဦးလေးတို့က အမြန်လိုက်ပြီး ပျိုးစပါး နောက်တစ်ကြိမ် ထပ်ကြဲကြတယ်။ ထပ်ပြီး မိုးကြီးလို့ ပြန်ပြီး ပျက်တယ်။ ဒီက လယ်သမားတွေက အနည်းဆုံး ပျိုးစပါးကြဲတာ နှစ်ကြိမ်၊ သုံးကြိမ်လောက် ရှိပြီ၊ အကုန် ပျက်စီးကုန်တယ်။ အခုနှစ်က တစ်လအတွင်းမှာ အကြိမ်ကြိမ် မိုးကြီးနေလို့ ပျိုးပင်တွေက မပေါက်ဘဲ ပုတ်ကုန်တာ။ ပြီးခဲ့တဲ့နှစ်တွေတုန်းကဆို ပျိုးပင်ပေါက်ချိန်က ရလိုက်တယ်။ အခုနှစ်လို ဆက်တိုက် ရွာနေတာ မဟုတ်ဘူး” လို့ ကျောက်တော်မြို့နယ်က လယ်သမား ဦးလှသိန်းက ဆိုပါတယ်။

 

ဒါ့အပြင် စိုက်ပျိုးပြီးတဲ့ လယ်ကွင်းတွေမှာ မိုးရွာသွန်းမှု လွန်ကဲတဲ့အတွက် ပျိုးစပါးတွေ ပျက်စီးခဲ့ရသလို လယ် မထွန်ရသေးတဲ့ တောင်သူတွေဟာလည်း ရာသီချိန် လွန်သွားပါက အခုနှစ်အတွက် မိုးစပါး စိုက်ပျိုးချိန် မမီမှာကို စိုးရိမ်နေကြတာပါ။

 

“ဒီနှစ် ရေကြီးတာ တစ်ခါမှ မမြုပ်ဖူးတဲ့ လယ်တွေ မြုပ်ကုန်တယ်။ လယ်တွေ ရေမြုပ်နေလို့ ခုထိ မထွန်ရသေးဘူး။ ခုက ပျိုးစပါးကြဲဖို့ကလည်း အချိန် မမီတော့လို့ ပျိုးပင်ပဲ ဝယ်ပြီး စိုက်မယ်လို့တော့ စဉ်းစားထားတယ်။ ကုန်ကျစရိတ်တွေကလည်း အရမ်းများလို့ တစ်ချို့ဆိုရင် ဆက်ပြီး မလုပ်ဘဲ ထားလိုက်တဲ့သူတွေ ရှိတယ်” လို့ မြေပုံမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

 

ဒါ့အပြင် ဒေသတွင်း ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ စက်သုံးဆီဈေးနဲ့ စိုက်ပျိုးစရိတ် အဆမတန် ကြီးမြင့်နေမှုတွေကြောင့် ရခိုင်မှာ စိုက်ပျိုးမြေ ချန်လှပ်ထားတဲ့ တောင်သူတွေဟာ များပြားလာနေတာ ဖြစ်ပါတယ်။

 

ရခိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ် ၁၀ ခုမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ပြည်သူ သန်းနဲ့ချီ ရေဘေးသင့်ခဲ့ရသလို လယ်ယာတွေနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ရတာပါ။

 

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ တောင်ကျချောင်းရေတွေကြောင့် ရခိုင်က မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်တွေက ကျေးရွာပေါင်း ၅၀ နီးပါးမှာ ရေကြီးရေလျှံမှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – CJ

CJ 009

 

 

Related News

Depend on news