သဖန်းဆိပ်ဆည် ရေဖောက်ချမှုကြောင့် စစ်ကိုင်းအတွင်းမှာ ဘယ်လို ရေဘေးကို ကြုံနေရလဲ  ရွှေဘိုခရိုင် တပ်ရင်း (၂၆) တပ်ရင်းမှူး ကိုပီလွန်နဲ့ တွေ့ဆုံခြင်း

Author CJ Platform
Categories
Published on Aug 11, 2026

“မူးမြစ်တစ်လျှောက်မှာ ရေကြောင်း သွားလာရေး မရှိတာကြောင့် စက်လှေ ကြီးကြီးမားမား မရှိဘူး၊ တံငါလှေ ငယ်လေးတွေ စုစည်းပြီး ကူညီကယ်ဆယ်ရေး လုပ်ရပါတယ်”

 

သဖန်းဆိပ်ဆည် ရေဖောက်ချမှုကြောင့် စစ်ကိုင်းအတွင်းမှာ ဘယ်လို ရေဘေးကို ကြုံနေရလဲ 

ရွှေဘိုခရိုင် တပ်ရင်း (၂၆) တပ်ရင်းမှူး ကိုပီလွန်နဲ့ တွေ့ဆုံခြင်း

 

CJ Platform

 

စစ်အုပ်စု ထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည် ရုတ်တရက် ရေဖောက်ချမှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၁ ခုမှာ ဒေသခံ ၂ သိန်းကျော် ရေဘေးသင့်နေပြီး ၁၆ ဦး သေဆုံးကာ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း NUG က ထုတ်ပြန်ထားပါတယ်။

 

လက်ရှိမှာ NUG ရဲ့ ရေကြီးရေလျှံမှု အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC) နဲ့အတူ မြေပြင်မှာ မြို့နယ် ပအဖ၊ ပလဖ၊ ပကဖ တို့နဲ့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးတွေ စီမံပေးနေသူတွေထဲက တစ်ဦးဖြစ်သူ ရွှေဘိုခရိုင် တပ်ရင်း (၂၆) တပ်ရင်းမှူး ကိုပီလွန် ကို CJ Platform က ဆက်သွယ် မေးမြန်းထားပါတယ်။

 

မေး – လက်ရှိ ရွှေဘိုမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု အခြေအနေကို သိပါရစေ။

 

တပ်ရင်းမှူး ပီလွန် – “အခု ရွှေဘိုမြို့နယ် မူးမြစ်ဝှမ်း တစ်လျှောက် ရေကြီးနေတဲ့ အခြေအနေက ၂၀၁၅ ခုနှစ်က ရေကြီးတာထက်ကို ပိုပြီး ဆိုးဝါးပါတယ်။ အရင်က မကြုံဖူးတဲ့ အခြေအနေမှာ ရှိပါတယ်။ ထင်မှတ်မထားလောက်အောင် ရေက မြန်မြန် တိုးလာတော့ ဒေသခံ ပြည်သူတွေရော စစ်ရှောင် ပြည်သူတွေပါ ပိတ်မိနေကြတာပါ။ ခန့်မှန်းထားတာထက် အရေအတွက် ပိုများပြီး ရွာတစ်ရွာကို လူ ၁,၀၀၀ ဝန်းကျင်ကနေ တချို့ရွာတွေမှာ ၁,၅၀၀ လောက်အထိ ပိတ်မိနေကြတာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောရမယ်၊ ရေထပ်တိုးလာရင် အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်ပါတယ်။ လက်ရှိမှာတော့ ရေက ထပ်မတိုးဘဲ ငြိမ်နေတဲ့ အနေအထား ရှိပါတယ်။

 

ရေဘေးသင့်တာ ကျေးရွာ ၁၇ ရွာ ရှိပါတယ်။ ရေက ခါးလယ်အထိ မြုပ်တာ၊ တချို့အိမ်တွေ ရေထဲ လုံးဝမြုပ်သွားတာမျိုးတွေ ဖြစ်နေတော့ ဘယ်ရွာက အဆိုးဆုံး ထိခိုက်လဲလို့ ခွဲပြောဖို့ ခက်ပါတယ်။ ကောင်းတဲ့ တစ်ချက်ကတော့ ရေတွင်းနဲ့ ဘုံဘိုင်တွေ ကျန်နေသေးတာကြောင့် သောက်သုံးရေ အခက်အခဲ ရင်ဆိုင်ရတဲ့ ရွာတော့ မတွေ့သေးပါဘူး။ အကူအညီ မရောက်သေးတဲ့ ရွာတွေမှာတော့ ရှိတာလေးနဲ့ ဖြစ်သလို ချက်ပြုတ် စားသောက်နေကြရပါတယ်။”

 

မေး – စစ်အုပ်စုက ဆည်ရေဖောက်ချမှာကို ကြိုတင်အသိပေးခဲ့လား။

 

တပ်ရင်းမှူး ပီလွန် – “စစ်အုပ်စု ဘက်ကတော့ သဖန်းဆိပ်ဆည် ရေလွှတ်တာနဲ့ ပတ်သက်ပြီး ဘာမှ ကြေညာ ထုတ်ပြန်တာမျိုး လုံးဝ မရှိခဲ့ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပဲ အချိန်နဲ့အမျှ သတိပေး ကြေညာချက်တွေ ထုတ်ပေးခဲ့တာပါ။

 

စတင် ရေကြီးကတည်းက ကျနော်တို့ ရေထဲ ရောက်ခဲ့ပေမဲ့ ကျနော်ကိုယ်တိုင်လည်း အခုလို ဒီလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်မထားခဲ့ပါဘူး။ ဒုတိယနေ့ ရောက်တော့မှ ရေစီးက ပိုသန်လာတာပါ။ NUG အစိုးရဘက်ကတော့ မြို့နယ်အဆင့်တင် မကဘဲ အစိုးရ ယန္တရား တစ်ခုလုံး အပြည့်အဝ ပါဝင် ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက် အထက်အဆင့်ဆင့် တင်ပြကာ မြို့နယ်အဆင့်မှာ အလျင်အမြန် တုံ့ပြန် ဆောင်ရွက်ခဲ့ကြတာပါ။”

 

မေး – အခု ဘယ်လိုအခြေအနေတွေကို ရင်ဆိုင်နေရလဲ။

 

တပ်ရင်းမှူး ပီလွန် – “မူးမြစ်တစ်လျှောက်မှာ ရေကြောင်း သွားလာရေး မရှိတာကြောင့် စက်လှေ ကြီးကြီးမားမား မရှိဘူး၊ တံငါလှေ ငယ်လေးတွေ စုစည်းပြီး ကူညီကယ်ဆယ်ရေး လုပ်ရပါတယ်။ လှေတွေကို မစုစည်းနိုင်ခင်မှာ နီးစပ်ရာ ခေါ်ကြ၊ အလုအယက် တက်ကြတဲ့ အခြေအနေ ဖြစ်ခဲ့တာကြောင့် အရေးပေါ် လူတွေ ပို့ဆောင်ဖို့နဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ တချို့ရွာတွေမှာ အသေအပျောက် ရှိတယ်လို့လည်း ကြားရပါတယ်။ အခုတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက်က ကျနော်က ရေထဲထိ ဆင်းပြီး လှေတွေ စုစည်းကာ ထောက်ပံ့ရေးနဲ့ ကူညီကယ်ဆယ်ရေးကို အထိရောက်ဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။

 

စတင် ရေကြီးကတည်းက ရေထဲ ရောက်ခဲ့ပေမဲ့ သုံးရက်မြောက်နေ့ ရောက်မှပဲ ထိထိရောက်ရောက် လှုပ်ရှားနိုင်တာပါ။ ရေစကြီးတဲ့နေ့မှာတော့ တချို့တွေ ရွှေ့ပြောင်းကြပေမဲ့ ကျနော်ကိုယ်တိုင် ဒီလောက် ဆိုးဆိုးရွားရွား ဖြစ်လိမ့်မယ်လို့ ထင်မှတ်မထားပါဘူး။ ဒုတိယနေ့မှာ ရေစီး ပိုသန်လာတယ်၊ လှေနဲ့မှ ကူးလို့ရမယ့် အခြေအနေမှာ လှေ အရေအတွက် သိဖို့၊ လိုအပ်ချက်တွေ သိဖို့၊ ခရီးလမ်းကြောင်း အခြေအနေ စသည်ဖြင့်ပေါ့ဗျာ၊ နိုင်ရာ နိုင်ရာကနေ ပါဝင်ရတာ ပေါ့။”

 

မေး – ရေဘေးသင့် ပြည်သူတွေကို ဘယ်လိုတွေ ကူညီနေလဲ။

 

တပ်ရင်းမှူး ပီလွန် – “ကျနော်တို့ အကူအညီပေးရေးမှာ ကော်မတီရယ်လို့ ခေါင်းစဉ် အကြီးကြီး တပ်ပြီး လုပ်နေကြတာ မဟုတ်ပါဘူး။ အချင်းချင်း ချိတ်ဆက်ပြီး ကိုယ် ဘာလုပ်နိုင်လဲဆိုတဲ့ တာဝန်တွေကို ခွဲဝေယူကြ၊ အပြန်အလှန် ထောက်ပံ့ ကူညီကြတာပေါ့ဗျာ။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက်က ကျနော် ရေထဲဆင်းဖို့ ကိုယ်တိုင် အဆိုပြုတယ်၊ လှေတွေ စုစည်းဖို့ ခရိုင်က ထောက်ပံ့ပေးတယ်၊ လှေဖိုး၊ ဆီဖိုးနဲ့ လိုအပ်တဲ့ အထောက်ပံ့ ပေါ့ဗျာ။ အဲဒါအပြင် ဆန်၊ ဆီ အထောက်ပံ့ကို ပအဖ အပါအဝင် လူကယ်ပြန်ဘက်ကို အားဖြည့် ကူညီပေးပါတယ်။ ဒီအချိန်မှာတော့ ပအဖ၊ ပလဖ၊ ပကဖ၊ PDF ရယ်လို့ ခေါင်းစဉ်ခွဲတွေ မရှိတော့ဘဲ အားလုံး ပေါင်းစုပြီး လုပ်ကြတာပါ။

 

ပြည်သူတွေကို ယာယီ နေရာချထားပေးရေး၊ ကျန်းမာရေး အစောင့်အရှောက် စတာတွေကို လူကယ်ပြန် အဖွဲ့အစည်း အသီးသီးက လုပ်ကြပါတယ်။ PDF ရဲဘော်တွေကလည်း အားဖြည့် ကူညီကြတာပါ။”

 

မေး – ရေဘေးသင့်ပြည်သူတွေကို ဘယ်လို ပြောင်းရွေ့ပေးနေလဲ။

 

တပ်ရင်းမှူး ပီလွန် – “ရေထဲဆင်းပြီး ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အခြေအနေမှာတော့ လှေ အရေအတွက်က ၁၀ စီးဝန်းကျင်ပဲ (အပြောင်းအလဲ နည်းနည်းရှိ) ရှိပါသေးတယ်။ လှေငယ်လေးတွေ ဖြစ်တာကြောင့် တစ်ခေါက်ကို ၃ ယောက်ကနေ ၅ ယောက်အထိပဲ တင်လို့ရပါတယ်။ ဒါကြောင့် ကျနော်ရယ်၊ ဒေသခံ Volunteer ဦးမောင်ဝင်းရယ်၊ လှေသမားတွေရယ် ပါဝင်ပြီး ကူညီနေတာပါ။

 

ရွှေ့ပြောင်းရေးမှာတော့ အသွားခရီးမှာ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်နဲ့ ကလေးငယ်တွေကို အဓိက ဦးစားပေးပြီး ဘေးလွတ်ရာဆီ သယ်ထုတ်ပေးပါတယ်။ အပြန်ခရီးမှာတော့ ရေဘေးသင့် ရွာတွေဆီ အထောက်ပံ့ပစ္စည်းတွေကို ပြန်သယ်သွားပေးတဲ့ စနစ်နဲ့ ကူညီပေးနေပါတယ်။ ရေဘေးသင့် ကျေးရွာတွေကို အထိရောက်ဆုံး ဖြစ်အောင် ကြိုးစား ကူညီပေးနေပါတယ်။”

 

မေး – အရေးပေါ်လိုအပ်နေတာဘာတွေဖြစ်မလဲ။

 

တပ်ရင်းမှူး ပီလွန် – “သောက်သုံးရေ ရေတွင်း၊ ဘုံဘိုင် ကျန်နေသေးတာကြောင့် သောက်သုံးရေ အခက်အခဲရှိတဲ့ ရွာတော့ ကျနော် မတွေ့သေးပါဘူး။ အကူအညီ အထောက်ပံ့ မရသေးတဲ့ ရွာတွေမှာ ရှိတာကို ဖြစ်သလို ချက်ပြုတ် စားသောက်နေကြရပါတယ်။ အဓိက လိုအပ်တာ စားနပ်ရိက္ခာ အခြောက်အခြမ်း ဆန်၊ ဆီ၊ ဖြစ်နိုင်ရင် ဟင်းချက်စရာ ပေါ့။ ထမင်းထုပ်နဲ့ ရေသန့် အဓိက လိုမယ်လို့ တွေးထင်ခဲ့ပေမဲ့ ရေထဲဆင်း သေချာ တွေ့ဆုံ စကားပြောဖြစ်တဲ့အခါမှာ ထမင်းထုပ်တွေဟာ ရေလမ်း သယ်ရတာဖြစ်တာကြောင့် ရေစို၊ ရာသီဥတု အခြေအနေ၊ ခရီးလမ်း အကွာအဝေးတွေကြောင့် သက်ဆိုင်ရာ ရွာတွေ ရောက်တဲ့အခါ သိုးသွားတာတွေ၊ စားသောက်လို့ မရဖြစ်တဲ့ အခြေအနေတွေ ရှိပါတယ်။ သောက်ရေသန့်လည်း မလိုအပ်သေးတဲ့ အခြေအနေ ဖြစ်တာကြောင့် ရေသန့်အစား စားနပ်ရိက္ခာကိုပဲ ဖြည့်စွက်ပေးဖို့ ပြောပြကြပါတယ်။

 

ဒီမှာ အလေးအနက် ပြောချင်တာက အလှူရှင်တွေ၊ အဖွဲ့အစည်းတွေက ရေထဲထိဆင်းပြီး တိုက်ရိုက် လှူဒါန်းတာတွေ မလုပ်ဖို့နဲ့ အများအတွက် ရည်ရွယ် လှူတာကိုပဲ လုပ်ဆောင်ပေးကြဖို့ အလေးအနက် ပြောချင်ပါတယ်။ လူပိုပါလာတဲ့အခါ ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးနဲ့ အထောက်ပံ့ပစ္စည်း ပို့ဆောင်ရေးမှာ အများကြီး အနှောင့်အယှက် ဖြစ်ရတဲ့အပြင် မလိုလားအပ်တဲ့ အန္တရာယ်၊ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။”

 

မေး – ရေပြန်ကျသွားရင်လုပ်ဆောင်ဖို့ စီစဉ်ထားတာများရှိမလား။

 

တပ်ရင်းမှူး ပီလွန် – “လက်ရှိ အချိန်မှာတော့ အရေးပေါ် အခြေအနေ ဖြစ်တာကြောင့် — ၁။ ရေဘေးသင့် ပြည်သူများကို ဘေးလွတ်ရာ သယ်ထုတ်ပေးနိုင်ရေးနဲ့ ၂။ စားနပ်ရိက္ခာ ထောက်ပံ့ရေး ပစ္စည်းများ ရွာများဆီ အရောက် ပို့ဆောင်နိုင်ရေး ဖြစ်ပါတယ်။”

 

မေး – အလှူရှင်တွေကို ဘယ်လို အကူညီတောင်းခံချင်လဲ။

 

တပ်ရင်းမှူး ပီလွန် – “အလှူရှင်တွေနဲ့ ကူညီရေး အဖွဲ့အစည်းတွေကို အလေးအနက် မေတ္တာရပ်ခံ ပြောချင်တာကတော့ ရေထဲအထိ ဆင်းပြီး တိုက်ရိုက် လှူဒါန်းတာမျိုးတွေ မလုပ်ကြဖို့ပါ။ အများအတွက် ရည်ရွယ်ပြီး စနစ်တကျ လှူဒါန်းတဲ့ ပုံစံကိုပဲ လုပ်ဆောင်ပေးကြဖို့ အလေးအနက် တောင်းဆိုချင်ပါတယ်။

 

ကယ်ဆယ်ရေး လှေတွေပေါ်မှာ လူပို ပါလာတဲ့အခါ ရေဘေးသင့် ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာနဲ့ အထောက်ပံ့ပစ္စည်း ပို့ဆောင်ရေးမှာ အများကြီး အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါ့အပြင် မလိုလားအပ်တဲ့ အန္တရာယ်နဲ့ အခက်အခဲတွေလည်း ဖြစ်လာနိုင်တာမို့ သက်ဆိုင်ရာ ကူညီရေး အဖွဲ့အစည်းများဆီကတစ်ဆင့် ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။”

 

မေး – ထပ်မံ ဖြည့်စွက်ပြောလိုတဲ့ အကြောင်းအရာတွေရှိရင်လည်း ဖြည့်စွက် ပြောကြားပေးပါဦး။

 

တပ်ရင်းမှူး ပီလွန် – “ဖြည့်စွက် ပြောချင်တာက အခက်အခဲ၊ အန္တရာယ် ကြုံလာတဲ့အခါ ငါဟာ ကယ်တင်ရှင်၊ ငါဟာ သူရဲကောင်းမျိုး မဟုတ်ဘဲ အချင်းချင်း လက်ချင်းချိတ်၊ လက်တွဲညီညီ ဖြတ်ကျော်မယ်၊ ငါတို့တွေ စည်းလုံးတယ်၊ တစ်ယောက်အတွက် တစ်ယောက် အသင့်ရှိတယ် ဆိုတာက ပိုလေးနက်၊ ပိုအားကောင်း၊ ပိုပြီး အဓိပ္ပာယ် ရှိပါတယ်၊၊ ကျနော့်ရဲ့ လုပ်ဆောင်မှုတွေဟာ ကျနော့်ရဲ့ နာမည်၊ ကျနော့်ရဲ့ တပ်ရင်းကို ကိုယ်စားပြု လုပ်ဆောင်တာ မဟုတ်ပါဘူး။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုပါတယ်။ ကျနော်ဟာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်။”