DEMU ရထားပေါ်မှာ စည်းကမ်းမဲ့ လုပ်ဆောင်ခဲ့သူ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မြသန်း ဦးဆောင်တဲ့ အဖွဲ့ကို ဒဏ်ငွေ တစ်သိန်းစီသာ ချမှတ်အရေးယူ
မွန်ပြည် မော်လမြိုင်မြို့နယ် တရားရုံးက ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၈ (က) နဲ့ အမှုဖွင့်ခံရတဲ့ ဆရာမကြီး ဒေါ်မြသန်း ဦးစီးတဲ့ ကမ်းနားလမ်း အားကစားအဖွဲ့မှ ၅၄ ယောက်ကို ဒီနေ့ ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက ဒဏ်ငွေ တစ်သိန်းစီ အမိန့်ချလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဆရာမကြီး ဒေါ်မြသန်း အပါအဝင် အမျိုးသမီး ၅၃ ယောက်နဲ့ အမျိုးသား ၁ ယောက်ကို မော်လမြိုင်မြို့နယ် တရားရုံးက ဒဏ်ငွေ တစ်သိန်း အမိန့်ချလိုက်တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“ဒီနေ့ ကမ်းနားလမ်း အားကစားအဖွဲ့ကို အမိန့်ချတယ်။ ဒဏ်ငွေ တစ်သိန်း အကုန်လုံးက ဒဏ်ငွေပဲ ဆောင်ရမယ်ဆိုတာ သိတယ်။ ဘာလို့လဲဆိုတော့ အဲဒီအဖွဲ့မှာ စစ်အုပ်စုနဲ့ ပတ်သက်တဲ့သူတွေ ပါတယ်” လို့ ပြောပါတယ်။
ဇူလိုင်လ ၂၃ ရက်က ရန်ကုန်-မော်လမြိုင် အမှတ် (၈၄) DEMU အစုန်ရထားပေါ်မှာ စည်းကမ်းမဲ့ နေထိုင်ခဲ့ကြတဲ့ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန်း ဦးစီးတဲ့ မော်လမြိုင် ကမ်းနားလမ်း အားကစားအဖွဲ့မှ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၅၃ ဦးကို ဇူလိုင်လ ၂၆ ရက်က မော်လမြိုင် ဘူတာရုံပိုင်က ပုဒ်မ ၈၈ (က) နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။
ဒေါ်မြသန်းဟာ စစ်အုပ်စုရဲ့ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၈ (က) အရ ခရီးသွားပြည်သူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ရထားဝန်ထမ်းများ သတိပေးတားမြစ်ချက်ကို မလိုက်နာတဲ့အတွက် ထောင်ဒဏ် ၃ လ ကျခံရမှာ ဖြစ်တယ်လို့ ရထားပို့ဆောင်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ပုဒ်မ ၈၃ မှာ ရထားပေါ်မှာ မလုပ်ရတဲ့ အချက်တွေကို ဖော်ပြထားတယ်။ အဲဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ပုဒ်မ ၈၈ (က) အရ ပြစ်ဒဏ်ပေးတာ ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ငွေဒဏ် ၁ သောင်းကနေ ၁ သိန်း၊ ငွေဒဏ်ရော ထောင်ဒဏ်ရော နှစ်မျိုး ကျခံရမှာ။ ဒေါ်မြသန်းတို့ ဖြစ်စဉ်ဆို ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ထောင်ဒဏ်၊ ငွေဒဏ် နှစ်မျိုးလုံး အမိန့်ချရမှာ” လို့ ပြောပါတယ်။
ဇူလိုင်လ ၂၆ ရက်က ရန်ကုန်-မန္တလေး အမှတ် (၃) အဆန်ရထားပေါ်မှာ အရက်သောက်ခဲ့တဲ့ မတ္တရာမြို့နယ်နေ ဦးကံကောင်း၊ ဦးဇော်လင်းနဲ့ တံတားဦးမြို့နယ်နေ ဦးဉာဏ်ပို တို့ကို ရမည်းသင်းမြို့နယ် ရဲစခန်းက (ပ) ၁၆၇/၂၀၂၆၊ ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၈ (က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
အလားတူပဲ ဇူလိုင်လ ၂၃ ရက်ကလည်း ရန်ကုန်-မန္တလေး အမှတ် (၃) အဆန် DEMU ရထားပေါ်မှာ ကွမ်းတံတွေး ထွေးခဲ့တဲ့ ပျဉ်းမနားမြို့နေ မခင်မာလွင်၊ မဖြူဖြူလွင်၊ မသန်းသန်းထွေး နဲ့ ဒေါ်ခင်သန္တာအောင် တို့ကို ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၈ (က) နဲ့ အမှုဖွင့်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
