အယ်လ်နီညို အားကောင်းလာတော့မည့်အတွက် သိသင့်သည့်အချက်အလက်များ
အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု APEC ရဲ့ မိုးလေဝသနှင့် ရာသီဥတု သုတေသနဌာန (APCC) ရဲ့ အချက်အလက်တွေအရ ပစိဖိတ်သမုဒ္ဒရာအတွင်း အင်အားပြင်း အယ်လ်နီညို (El Niño) ဖြစ်စဉ် စတင်သက်ရောက်နေပြီး ဒေသတွင်း မိုးခေါင်ရေရှားခြင်းနဲ့ အပူချိန်မြင့်မားမှုတွေ ကြုံတွေ့ရနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။
APCC ရဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးရ အချက်အလက်နဲ့ ENSO Alert System ထုတ်ပြန်ချက်များအရ ပြီးခဲ့တဲ့ မေလကစတင်ကာ အယ်လ်နီညို ဖြစ်စဉ် အပြည့်အဝ စတင်သက်ရောက်နေတာပါ။ လက်ရှိမှာတော့ အယ်လ်နီညိုဖြစ်စဉ်ကို အဓိက တိုင်းတာတဲ့ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ညွှန်းကိန်း (Niño 3.4 Index) ဟာ ပုံမှန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ်ကနေ ၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေပါပြီ။
နာဆာ (NASA), NCEP, UKMO အပါအဝင် ကမ္ဘာ့မိုးလေဝသ မော်ဒယ်တွေရဲ့ ခန့်မှန်းချက်တွေအရ လာမယ့် ဩဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာ (ASO 2026) ကာလတွေမှာ အင်အားပြင်း အယ်လ်နီညို (Strong El Niño) ဖြစ်ပေါ်ဖို့ ၉၉.၈ ရာခိုင်နှုန်းအထိ သေချာနေပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ် ဩဂုတ်လကနေ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ ကာလတစ်ခုလုံးမှာ အယ်လ်နီညို အားလျော့သွားမှာမဟုတ်ဘဲ အင်အားပြင်းအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။
ဩဂုတ် ၊ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ အင်အားပြင်း အယ်လ်နီညို ဖြစ်ပေါ်ဖို့ ၉၉ဒသမ၈ ရာခိုင်နှုန်းအထိ သေချာတယ်လို့ ကမ္ဘာ့မိုးလေဝသ မော်ဒယ်တွေက ခန့်မှန်းထားပါတယ်
APCC ရဲ့ မြေပြင်အပူချိန် ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံ အပါအဝင် တောင်အာရှဒေသတွေမှာ လာမယ့် ဩဂုတ်လကနေ အောက်တိုဘာလအတွင်း ပုံမှန်ထက် အပူချိန် ပိုမိုမြင့်မားနိုင်ခြေ ၇၈.၆ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒါ့အပြင် မုတ်သုံလေ အားနည်းသွားခြင်း၊ မိုးရွာသွန်းမှု ကမောက်ကမ ဖြစ်ခြင်းနဲ့ မုတ်သုံရာသီ တိုတောင်းသွားနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။
မုန်တိုင်းအခြေအနေမှာတော့ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းကြီးများ ဖြစ်ပေါ်ဖို့ အခွင့်အလမ်းနည်းပါးနေပြီး လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ်အဖြစ်သာ ဖြစ်နိုင်ချေရှိပါတယ်။ သို့သော် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာတော့ ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်မားမှုကြောင့် မုန်တိုင်းဖြစ်နိုင်ခြေ ရုတ်တရက် အားကောင်းလာနိုင်ပြီး မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်တာကြောင့် သတိထား စောင့်ကြည့်ကြဖို့ လိုအပ်ပါတယ်။
လာမည့် ၅ လတာကာလအတွင်း ခန့်မှန်းချက်များ
- ဩဂုတ်လ – အနောက်ဘက်ကမ်းရိုးတန်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးပိုနိုင်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ မိုးလျော့နိုင်ပါတယ်။
- စက်တင်ဘာလ – မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ မိုးပြန်လည် အားကောင်းနိုင်ပြီး တနင်္သာရီတိုင်းမှာ မိုးလျော့နိုင်ပါတယ်။
- အောက်တိုဘာလ – တစ်နိုင်ငံလုံးနီးပါး မိုးသိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။
- နိုဝင်ဘာလ – အလယ်ပိုင်းနဲ့ အရှေ့ဘက်ခြမ်းတွေမှာ မိုးလွန်မိုးများ ရွာသွန်းနိုင်ပြီး ရခိုင်နဲ့ ချင်းပြည်နယ်မှာ မိုးလျော့နိုင်ပါတယ်။
- ဒီဇင်ဘာလ – တစ်နိုင်ငံလုံးနီးပါး မိုးကင်းစင်သွားမှာဖြစ်ပြီး ကချင်ပြည်နယ် မြောက်ဖျားမှာတော့ မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်သင့်သည့်အချက်များ
- ရေပေးဝေရေး – မိုးရေအပြည့်အဝ သိုလှောင်ခြင်း၊ ရေပိုက်လိုင်းများ စစ်ဆေးခြင်းနဲ့ ရေကို ချွေတာသုံးစွဲခြင်း။
- စိုက်ပျိုးရေး/မွေးမြူရေး – တလှည့်ကျ ရေသွင်းစနစ် သို့မဟုတ် အစက်ချ ရေသွင်းစနစ် အသုံးပြုခြင်း၊ တိရစ္ဆာန်များကို အပူဒဏ်ကာကွယ်ပေးခြင်း။
- စွမ်းအင်နှင့် မီးဘေး – တောမီးနဲ့ မြို့ပြမီးလောင်မှုများကို ကြိုတင်ကာကွယ်ခြင်း၊ ရေအားလျှပ်စစ် လျော့ကျနိုင်သဖြင့် ဆိုလာစနစ်ကဲ့သို့ အစားထိုး စွမ်းအင်များ ကြိုတင်ပြင်ဆင်ထားခြင်း။
အယ်လ်နီညိုဖြစ်စဉ်ဟာ လပေါင်းများစွာ ကြိုတင်သိရှိနိုင်တဲ့အတွက် မိုးလေဝသ သတင်းထုတ်ပြန်ချက်တွေကို အစဉ်မပြတ် စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
